ဗေဒင် ..ဆိုတာကို ..မယုံဘူး ဆိုရင်တောင်..၊ သံသရာက မကျွတ်မလွတ်နိုင်သေးသမျှ …ကြာသာပတေးနေ့ဖွား ဖြစ်ရသည့်ဘ၀တိုင်းမှာ…..သည်ကံဇာတာမျိုးတွေတော့ ကြုံလာပါလိမ့်မယ်။
မဟာဘုတ် အကြွင်းဖွား ကြာသာပတေးများ ၏ ကံဇာတာ
ကြာသာပတေးနေ့ဖွား တစ်ဦး ဖြစ်ပြီး ….. မြန်မာရိုးရာ မဟာဘုတ်ဗေဒင်ပညာအရ … အကြွင်းဖွား ခုနှစ်မျိုး ခွဲခြား နိုင်ပါတယ်။ ဒီနေရာမှာ ဗေဒင်ပညာနဲ့ စိမ်းသက်လွန်းသူများအဖို့ မိမိတို့ကိုယ်ကို မိမိတို့ …ဘာအကြွင်းဖွား လဲ ၊ ဘာဖွားလဲ မသိသေးဘူးဆိုရင်…အောက်ပါစာပိုဒ်ကို ဖတ်ပြီး အလွယ်တွက်ကြည့်နိုင်ပါတယ်။
မိမိမြန်မာခုနှစ် သက္ကရာဇ်ကို တည် …၇ ဖြင့် စား ၊ ကြွင်းတဲ့အကြွင်းက …
(၁) ဖြစ်ခဲ့မယ်ဆိုရင် … ကြာသာပတေး (အဓိပတိဖွား)
(၂) ဖြစ်ခဲ့မယ်ဆိုရင် … ကြာသာပတေး (မရဏဖွား )
(၃) ဖြစ်ခဲ့မယ်ဆိုရင် … ကြာသာပတေး (သိုက်ဖွား)
(၄) ဖြစ်ခဲ့မယ်ဆိုရင် … ကြာသာပတေး (ပုတိဖွား)
(၅) ဖြစ်ခဲ့မယ်ဆိုရင် … ကြာသာပတေး (ဘင်္ဂဖွား)
(၆) ဖြစ်ခဲ့မယ်ဆိုရင် … ကြာသာပတေး (အထွန်းဖွား)
(၀) ဖြစ်ခဲ့မယ်ဆိုရင် … ကြာသာပတေး (ရာဇဖွား) အဖြစ်…. သိရှိနိုင်ပါတယ်။
မဟာဘုတ် အကြွင်းဖွား ခုနှစ်မျိုးထဲမှာ …လူတော်တော်များများ ဟာ …၊ အထွန်း ၊ သိုက် ၊ ရာဇ ၊ အဓိပတိဖွား လေးမျိုးကို …အထက်တန်းဖွား မို့ ကောင်းတယ် ၊ မရဏ ၊ ဘင်္ဂ ၊ ပုတိ ဖွား လေးမျိုးကိုတော့ အောက်တန်းဖွားမို့ ညံ့တယ် …စသည်ဖြင့် သတ်မှတ်ယူဆ ထားလေ့ ရှိတတ်ကြပါတယ်။
ထိုအယူအဆဟာ …အင်မတန် ..မှားပါတယ်။
ဖွားဇာတာခုနှစ်မျိုး စလုံးမှာ အားသာချက် / အားနဲချက် ..အသီးသီး ရှိနေကြတယ် ဆိုတဲ့ အယူအဆ ကသာလျှင် …အမှန် ဖြစ်ပါတယ်။
ဥပမာအားဖြင့် ကြာသာပတေး အထက်တန်းဖွား ဖြစ်တဲ့ အထွန်းဖွား ကြာသာပတေးဟာ …ဘ၀မှာ ပြင်းထန်တဲ့ စိတ်ထိခိုက်မှုတွေ ..အကြီးအကျယ်စိတ်ကျဉ်းကျပ်ရတာမျိုးတွေ ကြုံရတတ်သည့်ကံ ရှိပေမယ့် ၊ အောက်တန်းဖွားဖြစ်တဲ့ ပုတိဖွားကြာသာပတေးနေ့ဖွား တွေကတော့ ဘ၀မှာ …အလွန်ပျော်ရွှင် လွတ်လပ်စွာ နေထိုင်ရခြင်းမျိုး နဲ့ ….အလွန်အမင်းစိတ်ချမ်းသာစရာတစ်ချို့ ကြုံရတတ်သည့်….ကံ အခြေအနေမျိုး ဆန့်ကျင်ဘက် ဖြစ်တည်နေကြတာကို တွေ့ရပါတယ်။ တနည်းအားဖြင့် လောကဓံတရား ရဲ့ အထုအထောင်းကြောင့် စိတ်ထောင်းလို့ကိုယ်ကျေ ဆိုသလို အထွန်းဖွား (အထက်တန်းဖွား) တစ်ယောက်မှာ ပိုမိုဖြစ်နိုင် တာကို ပြတ်ပြတ် သားသား တွေ့မြင်ရမှာပါ။ ဟုတ်ပါ့မလား …ဆိုပြီး စာဖတ်သူတစ်ချို့ အနေနဲ့ ဇဝေဇ၀ါ ဖြစ်နိုင်ပါတယ်။
ကိုယ်တိုင်ကြာသာပတေးအထွန်းဖွား တစ်ယောက် ဖြစ်ခဲ့မယ် ၊ သို့တည်းမဟုတ် မိမိ မိသားစု မိမိအနီးနားမှာ ကြာသာပတေး အထွန်းဖွား တစ်စုံတစ်ဦးရှိခဲ့မယ်ဆိုရင် …ခု ..ကျွန်တော်ပြောတဲ့ အချက်ကို လက်တွေ့လေ့လာ တွေ့ရှိနိုင်မှာပါ ။ ကြာသာပတေး အထွန်းဖွားတွေ အဖို့…ဘယ်လောက်ပဲအောင်မြင်မြင် ၊ ဘယ်လောက်ပဲချမ်းသာသာ ၊ ဘယ်လောက်ပဲအာဏာရှိရှိ …ဖြတ်သန်းခဲ့သည့် ဘ၀ခရီး မှာ ….အလွန်အမင်း စိတ်ထိခိုက်ရမှု တစ်ချို့ နဲ့.. အကြီးအကျယ် စိတ်ကျဉ်းကျပ်ရတဲ့ အခြေအနေအချို့ကို မုချ ဖြတ်သန်းရပါလိမ့်မယ်။
ကောင်းပြီ…ဥပမာဆိုတော့ သည်လောက်နဲ့ ထားကြပါစို့။
ဆက်လက်ပြီး မဟာဘုတ်အကြွင်းဖွား ကြာသာပတေးနေ့ဖွား ခုနှစ်မျိုး အကြောင်း …လေ့လာကြည့်ကြရအောင်။
ကြာသာပတေး ဘင်္ဂဖွား ဇာတာရှင်များ
ကြာသာပတေး ဘင်္ဂဖွားများဟာ …အိမ်ထောင်ဖက်ရ ကံကောင်းလေ့ ရှိတတ်ကြပါတယ်။ အများအားဖြင့် မိမိထက် အသက်အားဖြင့်ဖြစ်စေ၊ ဂုဏ်အားဖြင့်ဖြစ်စေ…၊ အောင်မြင်မှုအားဖြင့် ဖြစ်စေ…ပိုမိုပြည့်စုံနေသူမျိုးနဲ့ လက်ဆက်ခွင့် ရရှိတတ်ကြပြီး ၊ မေတ္တာရေးမှာ ကံကောင်းထောက်မမှု ကြုံတတ်သူများ လို့ ဆိုရမှာပါ။ အလုပ်အကိုင်နဲ့ ….ပတ်သက်လို့ သူတို့တွေဟာ …သဘာဝရင်းမြစ်ရှာဖွေရေး လုပ်ငန်းတွေ ၊ ရေနံ နဲ့ ဘူမိဗေဒ ဆိုင်ရာ နယ်ပယ်တွေမှာ ကံကောင်းထောက်မမှု ရှိတတ်ကြပြီး …မွေးရပ်မြေမှ ဝေးကွာသော…ဒေသများ၊ တစ်ရပ်တစ်နယ်များ ၊ နိုင်ငံရပ်ခြားဒေသများမှာ အလုပ်အကိုင်ကံ ပွင့်လန်းလေ့ ရှိတတ်ကြပါတယ်။ ကြာသာပတေး ဘင်္ဂဖွားများ ရဲ့ထူးခြားချက်တစ်ခုကတော့ နှုတ်စက်အာစက် ..အာဏာစက် ထက်မြက်တတ်သော သဘာဝပဲဖြစ်ပါတယ်။ အရပ်ထဲမှာ သာမန်ဘ၀ မျိုး ပိုင်ဆိုင်နေတဲ့ ကြာသာပတေး ဘင်္ဂဖွားတစ်ဦး သော်မှ…အနဲဆုံး ရာအိမ်မှုး ၊ ရပ်မိရပ်ဖ အနေနဲ့ဖြစ်စေ…သြဇာညောင်းသူမျိုး အဖြစ် …ဘ၀ရပ်တည်ခွင့်ရရှိတတ်ကြပါတယ်။ နှုတ်စက်အာစက် ထက်မြက်စေသော အဆိုပါကံကြောင့်ပဲ အချို့သော ကြာသာပတေး ဘင်္ဂဖွား တစ်ချို့ဟာ….ဘ၀မှာ ဆိုင်ရာလုပ်ငန်းနယ်ပယ်ထဲမှာ အကြီးအမှုးဖြစ်ခွင့် ရရှိလာခြင်း၊ အများကို အုပ်ချုပ်ခွင့်ရရှိလာခြင်းမျိုး …ကြုံလာကြရတာပါ။ ပေါက်ဖွားရာအသိုက်အ၀န်း ၊ ပညာအဆင့်အတန်း နဲ့ ကြိုးစားအားထုတ်မှု သာ မနိမ့်ကျဘူးဆိုရင်တော့ ကြာသာပတေး ဘင်္ဂဖွား ဇာတာရှင်များဟာ …အထက်တန်း ကျကျအောင်မြင် နိုင်သော ဇာတာရှင်များလို့ ပဲ ဆိုရပါလိမ့်မယ်။
ကြာသာပတေး ဘင်္ဂဖွားများ ကို ကံအထူးကောင်းစေသော နေ့ရက်ကတော့ အင်္ဂါနေ့ပဲဖြစ်ပါတယ်။
ကြာသာပတေး မရဏဖွား ဇာတာရှင်များ
ကြာသာပတေး မရဏဖွား ဇာတာရှင်များ ဟာ …မိမိတို့ နဲ့ နီးစပ်သော..၊ တစ်ကျောင်းထဲအတူနေ ၊ တစ်ရပ်ထဲသား ၊ ဆွေမျိုးနီးစပ် သို့မဟုတ် မိမိ မိသားစု နှင့် ရင်းနှီးသိကျွမ်း ၀င်ထွက်သွားလာနေသူ (မိသားစုဝင်ကဲ့သို့သော သူမျိုး) …စသည်ဖြင့်တို့နဲ့…ဖူးစာဖက်ရတတ်သည့် ကံအခြေရှိသူများလို့ ဆိုနိုင်ပါတယ်။ Group တစ်ခုထဲက …လူအချင်းချင်း မေတ္တာဖက်စုံမက်ရတတ်သည့် ကံလို့လည်း ဆိုနိုင်ပါလိမ့်မယ်။ ထို့နည်းတူစွာပဲ …ချစ်ခြင်းမေတ္တာရေးရာမှာ…စိတ်မပြတ်မသားဖြစ်စရာ အခြေအနေတွေ၊ ရွေးရခက်တာတွေ၊ စိတ်ဒွိဟ များရတာတွေ ပါဝင်နေတတ်ကြပါတယ်။ အချို့သော ကြာသာပတေး မရဏဖွားများဟာ..ကလေးဆန်ပြီး ၊ ချစ်ခင်နှစ်လိုဖွယ်ကောင်းသော ..၊ လူချစ်လူခင်များသော ဖူးစာဖက်မျိုး နဲ့ ဆုံဆည်းလေ့ရှိကြပါတယ်။ အများအားဖြင့် …ကြာသာပတေး မရဏဖွားတွေရဲ့ မေတ္တာရေးကို ..အမျိုးသားအကြီးအကဲအချို့က အနှောက်အယှက် ပြုတတ်ကြတာကိုလည်း ထူးခြားစွာတွေ့ရှိရပါတယ်။
အလုပ်အကိုင်ပိုင်းဆိုင်ရာမှာတော့…ကြာသာပတေး မရဏဖွားတွေဟာ …ကိုယ်စားလှယ်လုပ်ငန်းများ ၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများ၊ အလှပြုပြင်ရေး နှင့် အနုပညာရပ်ဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်ခွင့် ပိုမိုရရှိတတ်ကြပြီး ၊ ကြောင်းကျိုးစိတ်ဖြာ ..ခွဲခြားဆန်းစစ်ရသော သဘာဝ တစ်ရပ်ဟာလည်း ..သူတို့ရဲ့ အသက်မွေးမှု နဲ့ ဆက်နွယ်နေတတ်တာကို …တွေ့ရှိရပါတယ်။ ကြာသာပတေး မရဏဖွားတွေရဲ့ …အသက်မွေးမှုနဲ့ အလုပ်အကိုင်ကို အဓိက ပျက်ဆီးစေနိုင်သော အကြောင်းအရာ နှစ်ရပ်ရှိပါတယ်။ တစ်ခုက …မှားယွင်းသော အကြံပေးချက်များကို လိုက်နာလုပ်ဆောင်မိခြင်း ဖြစ်ပြီး ၊ကျန်တစ်ခုကတော့….မရေရာသော အနေအထားပေါ်တွင် ..တွက်ကိန်းချ..မိခြင်း ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အချို့သော ကဏ္ဍတွေမှာ… ကြာသာပတေး မရဏဖွားတို့ရဲ့ ရည်မှန်းချက်တွေဟာ ရေပေါ်အရုပ်ရေးသည့်နှယ် အရာမထင် ဖြစ်သွားခဲ့တာပါ။
ကြာသာပတေး မရဏဖွားတွေဟာ ..အတိတ်က လုပ်ခဲ့တဲ့ အလုပ်ဟောင်း တစ်ချို့ရဲ့ ကောင်းသောပြန်လည် သက်ရောက်မှုကို ခံစားစံစားရလေ့ရှိတတ်ကြပါတယ်။ အတိတ်က ဆိုသည့်နေရာမှာလည်း …လွန်ခဲ့ပြီးသော ဘ၀ ဘ၀တို့က အတိတ်ကံဖြစ်နိုင်သလို…၊ မျက်မှောက်ဘ၀မှာတင်…ရှေ့နှစ်အတန်ကြာ သို့မဟုတ် လအတန်ကြာက လုပ်ခဲ့သော အမှုကိစ္စ တစ်စုံတစ်ရာကနေ…ကောင်းသောအကျိုးဆက်အဖြစ် မိမိစေတနာနဲ့ လျော်ညီသော ကောင်းကျိုး ပြန်လည် ရရှိတာမျိုး ကြုံကြိုက်ရလေ့ ရှိတတ်ကြပါတယ်။ ဒီအချက်ကြောင့်ပဲ ကြာသာပတေး မရဏဖွား အချို့ဟာ….အမွေအနှစ်ကြီးစွာ ရရှိခြင်း၊ ထီ .ပေါက်ခြင်း၊ အတိတ်ကံ လှုံ့ဆော်မှုအားဖြင့် ..ပြန်လည်ရရှိသော အကျိုးကျေးဇူးအချို့ ခံစားရခြင်းမျိုးတွေ ကြုံကြိုက်ကြရတတ်ခြင်းပဲ ဖြစ်ပါတယ်။
အခြားသော ထူးခြားချက်တစ်ခုကတော့…ကြာသာပတေး မရဏဖွားများဟာ ရင်းနှီးမြုပ်နှံမှု ပြုကြရာမှာ…ကာလ ကြာရှည်ရင်းနှီးမြုပ်နှံလေ့ မရှိကြပဲ …၊ မကြာခဏ ဆိုသလို…အရင်းပြန်ထုတ် …တစ်ခြားနေရာမှာ ရင်းနှီးမြုပ်နှံ ၊ ဟိုနေရာကနေ သည်နေရာပြောင်းပြီး ရင်းနှီးမြုပ်နှံ …စသည်အားဖြင့် …ရင်းနှီးမြုပ်နှံမှုပိုင်းဆိုင်ရာမှာ …အမျိုးမျိုးပုံစံပြောင်း ကြည့်နေတတ်သည့် သဘာဝ တစ်မျိုး ရှိကြပါတယ်။ ဥပမာပေးရရင်တော့ အပင်မကြီးခင်…အမြစ်ကနေ ဆွဲနှုတ်ပြီး …ဟိုနေရာပြောင်းစိုက်ကြည့် ..၊ သည်နေရာပြောင်းစိုက်ကြည့် ..လုပ်တတ်တဲ့ သဘာဝမျိုးလို့ ဆိုရပါမယ်။ ဒီသဘာဝအတွက် အကောင်းဆုံးအကြံပေးရရင်တော့ …အပြောင်းအရွှေ့သဘောပါတဲ့ လုပ်ငန်းတွေ၊ ပုံမှန် ၀င်ချည် ထွက်ချည် ပြောင်းလဲ လည်ပတ်နေသော လုပ်ငန်းမျိုးတွေမှာ ..ရင်းနှီးမြုပ်နှံပါလို့ ပဲ အကြံပြုအပ်ပါတယ်။
ကြာသာပတေး မရဏဖွားများအတွက် ကံကောင်းစေသော နေ့ရက်ကလည်း စနေနေ့ပဲ ဖြစ်ပါလိမ့်မယ်။
ကြာသာပတေး အထွန်းဖွား ဇာတာရှင်များ
ကြာသာပတေး အထွန်းဖွား ဇာတာရှင်များရဲ့ အကောင်းဆုံး အရည်အသွေးကတော့ … ထက်မြက်သော အင်အားစုများအပေါ် သြဇာလွှမ်းမိုးနိုင်ခြင်းပဲ ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် လက်နက်ကိုင် အဖွဲအစည်းများထဲမှာ ကြာသာပတေး အထွန်းဖွား ဇာတာရှင်တွေဟာ ..မိမိရဲ့ဒေါင်ဒေါင်မြည် လက်ရွေးစင် …လက်အောက်ငယ်သား အချို့အပေါ် အလွန်သြဇာ ညောင်းတတ်ကြပြီး ၊ ထိုလက်ရွေးစင် အင်အားစုများ ကို မိမိ ပိုင် စွမ်းရည် လက်နက်တစ်ခုသဖွယ် အသုံးချနိုင်ကြတာကို များစွာ တွေ့ရှိရပါတယ်။ ပြင်ပ နယ်ပယ်ထဲက ကြာသာပတေး အထွန်းဖွား ဇာတာရှင်တွေမှာတော့… မိမိအတွက် ရှေ့ထွက်လုပ်ဆောင်ပေးမယ့် … လက်ရုံးကောင်းများ ရရှိတတ်ကြပြီး ..ယင်းတို့ရဲ့ စွမ်းရည်ကို အသုံးပြုခြင်းအားဖြင့် မိမိတို့ဘ၀ တိုးတက်ရေး ကဏ္ဍတွေကို တိုးချဲ့လုပ်ဆောင်နိုင်စွမ်း ရရှိလာစေပါတယ်။
ကြာသာပတေး အထွန်းဖွားတွေဟာ …ရင်းနှီးမြုပ်နှံမှုအပိုင်းမှာတော့ ကံကောင်းထောက်မလေ့ ရှိကြသူများ လို့ ဆိုနိုင်ပါတယ်။ တစ်ကယ်အရေးပါတဲ့ နေရာမျိုးတွေမှာ ရင်းနှီးမြုပ်နှံမိတတ်ကြသလို..၊ အရင်းအနှီးနဲ့ ပတ်သက်လို့ ကံကောင်းထောက်မမှုမျိုး ကြုံကြိုက်ရလေ့ ရှိတတ်သူများ လည်း ဖြစ်ပါတယ်။ ဘ၀မှာ မိမိတို့ကို မယိုင်မလဲ သွားအောင် ထောက်ပံ့ကူညီပေးနေမယ့် ..၊ သို့တည်း မဟုတ် …နောက်ကွယ်ကနေ ပံ့ပိုးပေးနေမယ့် အခြေအနေကောင်းအချို့ကိုလည်း ကြုံကြိုက်ရလေ့ ရှိတတ်ကြပါတယ်။
တနည်းအားဖြင့် …စင်ကောင်းကောင်းရှိကြသူများလို့ ဆိုနိုင်ပါတယ်။ ဘူးကောင်းဖို့ပဲ လိုပါလိမ့်မယ်။ မိမိကိုယ်တိုင်ကသာ စွမ်းဆောင်နိုင်မယ်ဆိုရင် ..လိုအပ်တဲ့ ကျောထောက်နောက်ခံ အင်အားစုတွေ၊ အရင်းအနှီး ထုတ်ပေးမယ့်သူတွေ၊ လိုအပ်တဲ့ စွမ်းအင်အရင်းအမြစ်တွေ နဲ့ ပတ်သက်ရင် ကံကောင်းထောက်မမှု ရှိနေတတ်သူများပါပဲ။
အများအားဖြင့် ကြာသာပတေး အထွန်းဖွားတွေဟာ လက်နက်ကိုင်အဖွဲ့အစည်းများ မှ ဖူးစာဖက်မျိုး ၊ သချာင်္ထူးချွန်သူ ၊ စက်မှုပညာရှင်၊ ဘူမိဗေဒ ပညာရှင်၊ ရှေ့နေ ၊ ..ထက်မြက်ဖြတ်လတ်သော သူ၊ ခေတ်မီပြီး လက်တွေ့ကျသော အမြင်မျိုးရှိသူတွေနဲ့ …ဖူးစာဖက်ကြရလေ့ ရှိတတ်ကြပါတယ်။
ကြာသာပတေး အထွန်းဖွားတွေရဲ့ အားနဲချက်တစ်ရပ်ကတော့…..သံသယစိတ် ၊ ဒွိဟစိတ် ၊ အတိတ်ကို ပြန်လည်တ.သ ….တိုးတိုးတိတ်တိတ် နောင်တရမိနေစိတ်မျိုးတွေ မကြာခဏ ဖိစီးလာတတ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီစိတ်အခြေအနေတွေကပဲ …ကြာသာပတေး အထွန်းဖွားတွေကို မကြာခဏ နှိပ်စက်ကလူ ပြုတတ်ကြပြီး၊ တစ်ခုခုကို ပြန်လည်တောင့်တမှု ၊ ပြန်လည်ရရှိလိုမှု မျိုးတွေ ရင်နဲ့အမျှ ကျိတ်မှိတ်ပြီးခံစားနေတတ်ကြသော ..ကြာသာပတေး အထွန်းဖွား အချို့ကိုလည်း ..ကျွန်တော်တို့လူလောက အသိုက်အ၀န်းမှာ မြောက်များစွာ တွေ့မြင်ရနိုင်ပါတယ်။
သူတို့တွေဟာ ကိုယ်တိုင် တစ်ခုခုကို လုပ် ၊ လုပ်ပြီးတာနဲ့….ငါ မှားသွားလား ဆိုတဲ့ စိတ်ဒွိဟ သံသယတွေနဲ့…ငုံးဆူ လူမသိ ၊ အပူမိနေတတ်ကြတာဟာ …ပင်ကိုယ်အားနဲချက်တစ်ရပ်ပါပဲ။ ဒီ့အတွက် ယတြာပေးရရင်တော့….ကိုယ့်ကိုယ်ကို မြင်အောင် အရင်ကြည့်ပါ။ အားနဲချက်ကို သိပါ။ ပြင်နိုင်ဖို့တော့ခက်ပါမယ်။ ဒါပေမယ့်ထိမ်းပါ။ ဒီစိတ်ဝင်လာတိုင်း မြင်အောင်ကြည့်ပြီး ..နှိပ်ကွပ်ပစ်ပါ။ ရေနဲ့နီးစပ်ရာဒေသတွေမှာ….ဝေရာဝစ္စကုသိုလ်တွေပြုပါလို့ပဲ တိုက်တွန်းရပါမယ်။ ဥပမာအားဖြင့် ရေမြောင်းဖော်ခြင်း၊ ရေတွင်းရေကန်များ ပြန်လည် သန့်စင်ပေးခြင်း စသော ကုသိုလ်မျိုးတွေ ပြုပေးအပ်ပါတယ်။
ကြာသာပတေး အထွန်းဖွားတွေကို ကံကောင်းစေသော နေ့ရက်ကတော့ ဗုဒ္ဓဟူးနေ့လို့ ယူဆနိုင်ပါလိမ့်မယ်။
ကျန်ရှိနေသော…ကြာသာပတေး အကြွင်းဖွားလေးမျိုးကို ဆက်လက်တင်ပြပါဦးမယ်။
ချမ်းမြေ့ကြပါစေ။
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
Phone; 01 618 469 / 09 318 17 287