မိမိ မြန်မာမွေးခုနှစ်ကို တည် … ခုနှစ်ဖြင့်စား …။ ကြွင်းတဲ့အကြွင်းက .. (တစ်) ဖြစ်ခဲ့မယ်ဆိုရင် …အောက်ပါ ကံဇာတာအခြေအနေများနဲ့ စိတ်ပိုင်းရုပ်ပိုင်း ဆိုင်ရာ ဖွဲ့စည်းမှုများ ရရှိ လာနိုင်မှာ ဖြစ်ပါတယ်။ တွက်ရတာ သိပ်လွယ်လို့….ဟုတ်ပါ့မလား …တွေးစရာ အကြောင်းရှိပါတယ်။ အင်မတန် တွက်ရလွယ်တဲ့ ခုနှစ်ခုစား ရှစ်ခုစား ပညာရပ် အမြင်ကို လေ့လာကြည့်ကြပါစို့။
တစ်ခုကြွင်း မဟာဘုတ်ဇာတာ
အဓိပတိ ၅ | ||
အထွန်း ၀ | သိုက် ၃ | ရာဇ ၆ |
မရဏ ၄ | ဘင်္ဂ ၁ | ပုတိ ၂ |
တစ်ခုကြွင်း မဟာဘုတ်ဇာတာ ဖွား တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ………….
( မိမိ မူလ မြန်မာမွေးခုနှစ်ကို ခုနှစ်ဖြင့်စား အကြွင်း (တစ်) ဖြစ်သော ဇာတာရှင်များအားလုံး အတွက် ……)
မူလသဘာဝ …
ဒီမဟာဘုတ် အကြွင်းဖွားတွေဟာ ………. ပညာရပ်ပိုင်းဆိုင်ရာ စွမ်းရည် တစ်ခုခုနဲ့ ပြည့်စုံနေကြသူများ ဖြစ်ပါတယ်။ ဆင်ခြင်တုံတရား နဲ့ ပိုင်းခြားဝေဖန်နိုင်မှု စွမ်းရည်ကို အသုံးပြုတတ်ကြသူများလို့လည်း တင်စားခေါ်ဆိုနိုင်ပါတယ်။ ပညာရပ် အသီးသီးကို စူးစမ်း ရှာဖွေ နေတတ်ကြပြီး …၊ ဆရာကောင်း ဆိုသူများကိုလည်း အလွန်တပ်မက်လေ့ ရှိတတ်ကြပါတယ်။
သတိအမြဲဆောင်ပြီး …ခြေလှမ်းတိုင်းကို စဉ်းစားအကွက်ချ နေတတ်ကြသူတွေဟာ တစ်ခုကြွင်းဖွား တွေပါပဲ။ တစ်ခုကြွင်းဖွား တွေဟာ …ဘယ်လောက် အရည်ထူပြီး မာကျောတယ် ထင်ရပေမယ့် …၊ ဘယ်လောက်ကြမ်းတမ်းပြီး ..ခက်ထန်ပြ နေကြပေမယ့် ..သူတို့ရဲ့ အမှန်တစ်ကယ် ခံစားမှုကတော့..ထိလွယ်ရှလွယ် ၊ ကြေမွလွယ်တဲ့ ဖန်ပန်းအိုးလှလှလေး တစ်လုံး လိုပါပဲ။
ကလေးကလား ဆန်တဲ့ ခံစားမှုမျိုးကို ပိုင်ဆိုင်ထားကြပြီး ….ကမ္ဘာမှာ အလှဆုံး ၊ အနုညံ့ဆုံး ခံစားမှုမျိုး ၊ လောကရဲ့ အနုညံ့ဆုံး ၊ အဖြူစင်ဆုံး …ကြည်နူးဖွယ်ရာ အကောင်းဆုံး ခံစားမှုမျိုးတွေကို သိုဝှက်သိမ်းဆည်းထားနိုင်ကြသူများလည်း ဖြစ်ပါတယ်။ အနဲငယ် ၀မ်းနဲဖို့ ကောင်းတာကတော့…အဲဒီ့လို နုညံ့တဲ့စိတ်ခံစားမှုတွေကို တစ်ဖက်သတ် အနိုင်ကျင့်ခြေမွ ခံရတတ်တဲ့ ..ကံတရားမျိုးကလည်း သူတို့မှာ ကြုံနိုင်ကြတာကြောင့်ပါပဲ။
ဒါကြောင့်လဲ … သူတှို့ဟာ သူတို့ရဲ့ စိတ်ခံစားမှုတွေကို (ခြေမွခံရမှာစိုးစိတ်နဲ့) တိုးတိတ်စွာ သိုဝှက်ထားလေ့ ရှိတတ်ကြပါတယ်။ ကံမကောင်း အကြောင်းမလှမှု တစ် ခုကို ပြပါ ဆိုရင်တော့….အသိမှတ်ပြု မခံရခြင်း ကံ ပဲ ဖြစ်ပါတယ်။ တစ်ခုကြွင်းဖွားတိုင်းမှာ …. စိတ်နာကျည်း ရလောက်တဲ့ …. အသိမှတ်ပြု မခံရမှု တစ်မျိုးမျိုး …ပိုင်ဆိုင်နေတတ်ကြပါတယ်။
ပမာအားဖြင့် ….. မိသားစု အပေါ် ကောင်းအောင်နေပြီး …ကောင်းတယ်လို့ အသိမှတ်ပြု မခံရဘဲ ဖြစ်ချင်ဖြစ်မယ်။ လူတစ်ယောက် အပေါ် အနွံတာဘယ်လောက်ခံခံ …၊ ဘယ်လောက်ပဲ ဖြည့်ဆည်းပေးပေး …ကျေးဇူးတင် အသိမှတ်ပြု ခံရမှု မရှိဘဲလည်း ဖြစ်ချင်ဖြစ်နေမယ်…စသည်ဖြင့် ….အသိမှတ်ပြုခံရမှု မရှိတတ်သော ကံတရားမျိုးကို ပိုင်ဆိုင်ထားကြသူတွေ ဖြစ်ပါတယ်။
အဲဒီ့လိုပါပဲ …ဘ၀ရဲ့ ..အောင်မြင်မှုတွေကို အခြားသောအကြွင်းဖွားတွေထက် ခက်ခက်ခဲခဲ တိုက်ခိုက် ယူရသူတွေဟာ တစ်ခုကြွင်းဖွားတွေပဲလို့ ဆိုရမှာပါ။
အောင်မြင်မှု ရခါနီးတိုင်း ရခါနီးတိုင်း ….. အကြီးအကဲတစ်ဦးဦး နဲ့ ဆန့်ကျင်တိုက်ခိုက်ရမယ့် ကံဇာတာမျိုး …. ကိုလည်း ..သူတို့မှာ အခါအားလျော်စွာ တွေ့ရှိကြရပါတယ်။ အဲဒီ့လိုပါပဲ တစ်ခု ကြွင်းဖွား တွေဟာ …အလုပ်အကိုင်အသက်မွေးမှု အပြောင်းအလဲ ဖြစ်ပွားမှု နှုန်း အများဆုံး အကြွင်းဖွားတွေလို့ ဆိုနိုင်ပါတယ်။ .. လုံးဝ လုပ်ငန်းပြောင်းမသွားသည့်တိုင်အောင် ..လုပ်ရိုးလုပ်စဉ် ..စည်းမျဉ်း စည်းကမ်းနဲ့ ထုံးတမ်းစဉ်လာ အပြောင်းအလဲများစွာကို ကြုံတွေ့ရင်ဆိုင် ကြရလေ့ ရှိပါတယ်။
သူတို့က အများအားဖြင့် အတိတ်ကံ နဲ့ ပတ်သက်ပြီး ကံကောင်းမှု လေးတွေ ကြုံကြရ တတ်သူတွေပါ။ မြောက်များလှစွာသော ထီကံ ရှိသူတွေဟာ တစ်ခုကြွင်းဖွားဇာတာရှင်တွေ ပါပဲ။ ငွေအစုလိုက် ရခြင်း၊ အမွေရခြင်း ၊ ထီပေါက်ခြင်း စသည်ဖြင့် မိမိ အထူးတစ်လယ် ကြိုးစားအားထုတ်ခြင်းကြောင့် မဟုတ်ဘဲ ..အတိတ်ကံ ဒါနမျိုးစေ့ အလျောက် ..ပေါ်ပေါက်လာသော ကံထောက်မမှုမျိုးတွေကို ကြုံကြိုက်လေ့ရှိတတ် ကြပါတယ်။
ဘ၀ဖြတ်သန်းပုံ နှင့် ကံဇာတာအနေအထား ….
တစ်ခုကြွင်းဖွား အားလုံးအဖို့ ဗုဒ္ဓဟူး/ရာဟု ဂြိုဟ်အိပ်များကို ဖြတ်သန်းချိန် နဲ့ စနေဂြိုဟ်အိပ် ကာလကို ဖြတ်သန်းချိန်များမှာ ….ဘ၀ကံဇာတာ ပြင်းထန် ကြမ်းတမ်းလေ့ ရှိတတ်ကြပါတယ်။ နေ့နံသားသမီး ကွဲပြားမှု အရ ကံဇာတာ ကွာခြားကြသည့်တိုင်အောင် ……အဆိုပါဂြိုဟ်အိပ်များ အတွင်း ….ပြင်းထန်တဲ့ ဘ၀အချိုးအကွေ့ နဲ့ …လောကဓံရိုက်ခတ်မှု အသီးသီးကို အထူနဲ့အပါးဆိုသလို ကြုံတွေ့ကြရတတ်စမြဲ ဖြစ်ပါတယ်။
မြောက်များလှစွာသော တစ်ခုကြွင်းဖွား အားလုံးကို ကံကောင်းစေသောဂြိုဟ် ကတော့ သောကြာဂြိုဟ်ပဲ ဖြစ်ပြီး…..၊အဆိုပါ သောကြာဂြိုဟ်ရဲ့ ကောင်းကျိုးကတော့ အရေးပါသော စီမံခန့်ခွဲခွင့်များ ရရှိခြင်း၊ အရေးအကြီးဆုံး ကဏ္ဍများကို ထိမ်းသိမ်းစောင့်ရှောက် ခွင့် ရရှိခြင်း၊ အကောင်းဆုံးဟု ဆိုအပ်သော လောကီစည်းစိမ်တို့ကို ခံစားခွင့် ရရှိစေတတ်ခြင်း …များကို အခါအားလျော်စွာ ကြုံကြိုက်ရစေတတ်ပါတယ်။
အထူးသဖြင့် …တနင်္လာဂြိုဟ်အိပ် ကို ဖြတ်သန်းရချိန်များမှာ ….အဆိုပါသောကြာဂြိုဟ်မှ ဖော်ပြသော အကျိုးကျေးဇူးတို့ကို ခံစားရခြင်း ပိုမိုများပြားစေနိုင်ပါတယ်။ တစ်ခုကြွင်းဖွား အမျိုးသားများအဖို့ အဆိုပါ တနင်္လာဂြိုဟ်အိပ် ကာလကို ဖြတ်သန်းချိန်မှာ ..စွဲစွဲလမ်းလမ်း မြတ်နိုးရလောက်တဲ့ ချစ်သူမိန်းကလေးတစ်ယောက်နဲ့ ဆုံတွေ့ရတတ်စမြဲ ဖြစ်သလို..၊ အထူးသဖြင့် တနင်္ဂနွေနေ့ဖွား အမျိုးသား … တစ်ခုကြွင်းဖွား ဇာတာရှင် ဖြစ်ခဲ့မယ်ဆိုရင် …အဆိုပါသောကြာဂြိုဟ်ဟာ ပိုမို အင်အားကြီးမားတဲ့ ချစ်ခြင်းမေတ္တာနဲ့ နှောင်တွယ်မှုကို ပေးစွမ်းပါလိမ့်မယ်။ အချစ်သည်သာ အခရာ ….ဖြစ်လောက်တဲ့ …စွဲလမ်းစရာ အခြေအနေတစ်ရပ်နဲ့ ဆုံဆည်းချိန် လို့လည်း ဆိုနိုင်ပါတယ်။
အင်္ဂါဂြိုဟ်အိပ်ကာလ ကို ဖြတ်သန်းချိန်များမှာတော့…….တစ်ခုကြွင်းဖွားများအဖို့ ….လောကကို ဘယ်လိုသီးခံ ဖြတ်သန်းရမယ် ..ဆိုတာ ..သင်ယူခွင့်ကြုံလာကြပါတယ်။ ခံစားချက်နောက်ကို မလိုက်ဘဲ….အကျဉ်းအကျပ်ထဲမှာ လူးလွန့်ရုန်းကန်ရင်း …ဇွဲဆုရရှိဖို့ ..ကြိုးစားကြရပြန်ပါတယ်။
ချစ်မှုရေးရာ နှင့် ….အိမ်ထောင်ရေးကဏ္ဍ
ဒီအကြွင်းဖွားတွေဟာ ….ဘ၀ရဲ့ အဦးအစပျိုးကာလတွေမှာ အခက်အခဲ မကင်း ရတတ်သူတွေ ဖြစ်ပါတယ်။ ဒီကံတရားဟာ ..သူတို့ရဲ့ …ချစ်မှုရေးရာ နယ်ပယ်မှာလည်း လွှမ်းမိုးထားပါတယ်။ ဒါကြောင့် ရည်းစားဦး ၊ အချစ်ဦး၊ အိမ်ထောင်ဦး …..များမှာ ….အခြားသူတွေထက် ပိုမိုအခက်အခဲ များပြီး .. ၊ စစချင်း ….ယဉ်သကို ဆိုသလို…၊ တာထွက်မှာကတည်းက ..ရုန်းကန် ရင်ဆိုင်ရမှုတွေ …ပဋိပက္ခလေးတွေ မကင်း ဘဲ ဖြစ်ကြရတတ်တာကို တွေ့ရပါတယ်။
ကမ္ဘာပေါ်မှာ …အကြီးအကဲတွေနဲ့ ..ပဋိပက္ခ အဖြစ်ရတတ်ဆုံး အကြွင်းဖွားကို ပြပါဆိုရင် ..ထိပ်ဆုံးက နေရာယူထားတာကတော့ ဟောဒီ့တစ်ခုကြွင်းဖွားတွေပါပဲ။ ဒါကြောင့်လည်း …သူတို့ရဲ့ ချစ်မှုရေးရာနဲ့ အိမ်ထောင်ရေးရာ ကဏ္ဍတွေမှာ …အကြီးအကဲတွေနဲ့ မသင့်မတင့် ဖြစ်ရမှုဟာလည်း ….အကြောင်းအားလျော်စွာ ဆက်စပ် ပတ်သက်လာတတ်စမြဲ ဖြစ်ပါတယ်။
သ၀န်တိုတယ် မကလို့….ဘာပဲပြောပြော …..တစ်ခုကြွင်းဖွားတွေက …သူတို့ချစ်တဲ့သူတွေနဲ့ ပတ်သက် ရင်တော့ လုံးဝ ရှင်းသန့်ပြီး clearဖြစ်နေတဲ့ အခြေအနေကို သာ လိုလားကြသူတွေပါ။ နို့မဟုတ်လို့ ကတော့ ..ရင်ထဲမှာ တနုံ့နုံ့ နဲ့ … ကြေကွဲထိခိုက် နှမြော တ.သ နေတတ်ကြပါတယ်။
ကိုယ်ကိုယ်တိုင်က နေချင်သလိုနေပြီး….လုပ်ချင်ရာလုပ်နေတဲ့သူမျိုးတောင်မှ…….ကိုယ်ချစ်တဲ့ သူနဲ့ ပတ်သက်ရင်တော့ …ပုလဲလေးကို ကြာဖူးထဲထည့်ပြီး..ဂွမ်းပုံလေးနဲ့ ကာထားလိုက်ချင် တာမျိုး …ချစ်တတ်ကြသူတွေပါ။
ရှင်းရှင်းပြောရရင်တော့ တစ်ခုကြွင်းဖွားတွေ အချစ်ခံရပြီဆိုရင် ….အချစ်ခံရသူ(သူတို့ရဲ့ချစ်သူ) အနေနဲ့… အနေအထိုင် တော်တော်ဆင်ခြင်ရပါလိမ့်မယ်။ မကြာခဏ သ၀န်ကြောင် ၊ ရန်ဖြစ် ၊ ခနဲ့ ၊ စကားနာထိုး ၊ ကြေကွဲထိခိုက် နေတတ်တဲ့ ….တစ်ခုကြွင်းဖွား တစ်ယောက်ယောက် ကို ချစ်ခဲ့မိမယ်ဆိုရင်တော့……………….. သင်ဟာ ကံအကောင်းဆုံး နဲ့ ကံအဆိုးဆုံး ကြားမှာ ကားယားခွ ထိုင်မိလိုက်ပြီ ဆိုတာပါပဲ။
အကြောင်းကတော့ တစ်ခုကြွင်းဖွား တစ်ယောက်က ….တစ်ကယ်မေတ္တာစစ်နဲ့ ချစ်ပြီဆိုရင် တစ်ခြား ဘယ်အကြွင်းဖွားတွေမှ ….လိုက်လို့မမီအောင် …ဖြူစင်သန့်ရှင်းမှု ဂုဏ် မြောက်စေလို့ပဲ ဖြစ်ပါတယ်။ တိုက်တွေ ကားတွေ၊ ရာထူးတွေ..၊ ဒေါ်လာတွေ …၊ ဘွဲ့ဒီဂရီတွေ၊ ကာကူလေတာရိုက်သံ တွေ ဘာတစ်ခုမှ မပါဘဲ………အချစ် သတ်သတ်လွတ်… ….ချစ်ပြနိုင်တဲ့ အကြွင်းဖွား မို့ပဲ ဖြစ်ပါတယ်။
ကျန်းမာရေး နှင့် အသက်ဇီဝ ..
တစ်ခုကြွင်းဖွား အများစုဟာ …. အရေပြား ထိခိုက်ပျက်ဆီးရန် လွယ်ကူကြပါတယ်။ အရေပြားပေါ်မှာ ဖြစ်ပွားတဲ့ အနာရောဂါ အမျိုးမျိုးကို ဂရုစိုက်အပ်သော အကြွင်းဖွား များ လို့ ဆိုရမှာပါ။ အချို့သော တစ်ခုကြွင်းဖွား များအဖို့ ဗဟိုနဗ်ကြောစနစ်ပိုင်းဆိုင်ရာ အားနဲချက်များ ရှိနေတတ်ကြပြီး၊ စကားဆွံ့အခြင်း၊ မှတ်ဥာဏ်ကင်းမဲ့ခြင်းများ …. ဖြစ်ပွားရန် လွယ်ကူတတ်ကြပါတယ်။ လေဖြတ်ခြင်း ဝေဒနာကို ဂရုအစိုက်အပ် ဆုံး အကြွင်းဖွားများ ထဲမှာ တစ်ခုကြွင်းဖွား ဇာတာရှင်တွေဟာ ထိပ်ဆုံးက နေရာယူထားပါတယ်။ ဒါလေးကို သတိချပ်အပ် ပါတယ်။
အခြားသော အချင်းအရာများ ……..
သတ္တ၀ါတွေဟာ ….အစွယ်ရှိသူက အစွယ် ၊ အဆိပ်ရှိသူက အဆိပ်၊ ဦးချိုရှိသူက ဦးချို….စသည်ဖြင့် …သဘာဝပေး လက်နက်စွမ်းအင် အသီးသီး ကို ပိုင်ဆိုင်ထားကြပါတယ်။ အဲဒီ့လိုပါပဲ…..မဟာဘုတ်အကြွင်းဖွား တွေမှာလည်း …. အသီးသီး ..မူလစွမ်းရည် လက်နက်တစ်မျိုးဆီ ပိုင်ဆိုင်ထားကြတာကို တွေ့ရှိရပါတယ်။ …….ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် …………
တစ်ခုကြွင်းဖွားတွေရဲ့ လက်နက်ကတော့ … ပညာ ပဲ ဖြစ်ပါတယ်။
အတန်းပညာ မပြည့်စုံတဲ့ တစ်ခုကြွင်းဖွားတွေမှာတောင် …..အများနဲ့မတူ ..ထူးချွန်လိမ်မာ ကျွမ်းကျင်စွာ တတ်မြောက်တဲ့ အတတ်ပညာ တစ်ခုခုတော့ ရှိနေတတ်ကြစမြဲဖြစ်ပါတယ်။ အဲဒီ့ ပညာ ဆိုတာကို သာ မသုံးမိရင် ၊ သို့မဟုတ် …အသုံးချရကောင်းမှန်းမသိရင် …အဲဒီ့တစ်ခုကြွင်းဖွားဟာ ….လက်နက်မဲ့နေတဲ့ အကာကွယ်မဲ့ ပုဂ္ဂိုလ်ပါပဲ။ တစ်ခုကြွင်းဖွားတွေဟာ …. ကတိတစ်ခုခု ပေးမိရင် …လိုက်နာဖို့ခက်ခဲကြသူတွေလည်း ဖြစ်ပါတယ်။ ဘယ်လောက်ပဲ တည်အောင် ကြိုးစားသည်ဖြစ်စေ ၊ ပေးထားတဲ့ကတိ နဲ့ ဆန့်ကျင်စေသော အခြေအနေများ ကြုံကြိုက်ရတတ်သည့် ကံဇာတာပိုင်ရှင်များ ဖြစ်ကြပါတယ်။ ဒါကြောင့်လည်း သူတို့ကို ….လူ့ပတ်ဝန်းကျင် အသိုက်အ၀န်းမှာ အပြောသမား ၊ ကတိမတည်သူ ၊ လက်တွေ့အကောင်အထည် ဖော်ရန်ပျက်ကွက်သူ များ အဖြစ် … တစ်ခါတစ်ရံ မှာ သတ်မှတ်ခြင်း ခံကြရတတ်တာပါ။
ဒါကြောင့် …အကျိုးရှိမယ့် အကြံဥာဏ်ပြုရမယ် ဆိုရင် … တစ်ခုကြွင်းဖွား တစ်ဦး ဖြစ်နေမယ် ဆိုရင် …ကတိကို လွယ်လွယ်မပေးမိအောင် ဂရုပြုပါ။ အဲဒီ့လိုပါပဲ တစ်ခုကြွင်းဖွား တစ်ယောက်ယောက် နဲ့ အနီးကပ် ပေါင်းသင်းရမယ်ဆိုရင်လည်း …သူတို့ဆီက ကတိကို အရမ်းကာရော မတောင်းဆိုအပ်ပါ။ ဘယ်လောက်ပဲ ကတိက၀တ်ပြုပြု ၊ အပြောင်းအလဲ တစ်ခုခု ဖြစ်လာနိုင်တယ်ဆိုတာကို ကြိုသိထားဖို့ လိုအပ်ပါလိမ့်မယ်။
ကဲ…အနှစ်ချုပ်ကြပါစို့။
တစ်ကယ်လို့သင်ဟာ ……
(၁) သင်ကိုယ်တိုင် တစ်ခုကြွင်းဖွား တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင်………
လောက၀ိဒူ ဂုဏ်တော်ကြီးကို နေ့စဉ် ရွတ်ဖတ်ပူဇော် ပွားများပါ။ ခံစားချက်ထက် ..လုပ်သင့်တာကို ပိုမိုပြီး ဦးစားပေးပါ။
(၂) သင့်ချစ်သူက တစ်ခုကြွင်းဖွား ဖြစ်ခဲ့မယ်ဆိုရင် ……….
သူ့စိတ်ကို ဒဏ်ရာအနာတရ မဖြစ်အောင် သတိထားပါ။ အနာတရ ဖြစ်သွားတာနဲ့ ….မကြာခဏ ဆိုသလို …အတိတ်ဒဏ်ရာကို အကြောင်းပြုပြီး နောက်ဆက်တွဲ အဆင်မပြေမှုတွေ ဆက်လက်တိုးဝင်လာတတ်ပါတယ်။ အချစ်ရဲ့ နောက်ဆက်တွဲ …သ၀န်တိုမှု လေးတွေကိုလည်း သီးခံနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပါ။
(၃) သင့် အလုပ်ရှင်က တစ်ခုကြွင်းဖွား ဖြစ်ခဲ့မယ် ဆိုရင် ….
သင့်အလုပ်ရှင်ရဲ့ စိတ်ခံစားမှုကို အကဲခတ်သိမြင်ထားနိုင်အောင် ကြိုးစားထားပါ။ သူနှစ်သက်တာ နဲ့ သူမနှစ်သက်တာ …နှစ်ချက်ကို ..အနဲနဲ့အများ သင်သိထားပြီဆိုရင် … အဆင်ပြေအောင် ကြိုးစားလို့ ပိုမိုရရှိနိုင်ပါပြီ။
(၄) သင့် အလုပ်သမားက တစ်ခုကြွင်းဖွား ဖြစ်ခဲ့မယ်ဆိုရင် ….
သတ်မှတ်ကာလ နဲ့ အမီ ပြီးမြောက်အောင် လုပ်ရမယ့် အလုပ်မျိုးတွေ ဆိုရင် သူတို့ကို မခိုင်းမိပါစေနဲ့။ ဒါပေသိ ..တောင်ပုံရာပုံ ပုံနေပြီး … တော်ရုံလူ ပြန်မရှင်းနိုင်တဲ့ အလုပ်မျိုးတွေမှာတော့ သူတို့ကို အသုံးပြုကြည့်ပါ။ အချိန်ယူပြီး လုပ်ရမယ့် အလုပ်မျိုးတွေမှာ သူတို့က ပိုမိုအလုပ်ဖြစ်တတ်ကြပါတယ်။
(၅) သင့် အိမ်ထောင်ဖက် က တစ်ခုကြွင်းဖွား ဖြစ်ခဲ့မယ်ဆိုရင် ……
အမျိုးသား အတွက် .. တစ်ခုကြွင်းဖွား ဇနီးမယား ရရှိခဲ့မယ်ဆိုရင်….
အဖက်ဖက်က ဖြည့်ဆည်းပေးမယ့် ဇနီးမယားမျိုး ရရှိလိုက်တာလို့တောင် ဆိုနိုင်ပါတယ်။ ကိုယ့်ဆရာတို့ကို ရေပူရေချမ်း ကမ်းပေးမယ့် ဇနီးမျိုးလို့ ဆိုနိုင်ပါတယ်။ ခက်တာက ..ရုတ်ရုတ် ရုတ်ရုတ် တော့ မလုပ်မိပါစေနဲ့။ မပြီးနိုင်မစီးနိုင် အောင် ပူညံပူညံ လုပ်တဲ့ဒဏ်ကို ကြောက်တယ်ဆိုရင်ပေါ့လေ။
အမျိုးသမီး အတွက် တစ်ခုကြွင်းဖွား ခင်ပွန်းယောကျာ်း ရရှိခဲ့မယ်ဆိုရင် …
ပရော်ဖက်ဆာ ကြီး တစ်ယောက်ကို လင်တော်ထားရသလို အနေအထားပါပဲ။ မာနကြီးသလို … ငယ်ကျိုးငယ်နာဖော်ပြီး သ၀န်တိုတတ်တဲ့ …ကလေးဆန်တဲ့ အမျိုးသားမျိုးလည်း ဖြစ်နေနိုင်ပါတယ်။
(၆) သင့်ရင်သွေး တစ်ဦးဦးက .. တစ်ခုကြွင်းဖွား တစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင်တော့…
အခြေခံကျကျ နားလည်အောင် သင်ကြားပေးပါ။ ဘာအရာကိုပဲဖြစ်ဖြစ် အောက်ခြေကနေ စပြီး စနစ်တစ်ကျ သင်ကြားမှု ပြုပေးလိုက်ခြင်းအားဖြင့် သူတို့တွေရဲ့ ဘ၀အနာဂတ်ကို ပိုမိုလှပ အောင် ရေးခြယ်ပေးနိုင်ပါလိမ့်မယ်။ လျော်ရာမှာထက် ပျော်ရာမှာ ပိုနေချင်တတ်တဲ့ သူတို့လေးတွေရဲ့ အခြေခံ စိတ်သဘာဝကိုလည်း မိဘအုပ်ထိမ်းသူများမှ တင်ကြို နားလည် နေဖို့ လိုအပ်ပါတယ် ..ဆိုတဲ့အကြောင်း……………..။
ကဲ….တစ်ခုကြွင်းဖွား….ဇာတာရှင်များအတွက် …ဒီလောက်နဲ့ပဲ နိဂုံးချုပ်ကြပါစို့။
အားလုံးပဲ ချမ်းမြေ့ကြပါစေ။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
01 618 469
09 401 563 291