Quantcast
Channel: မြန်မာ့ရိုးရာဗေဒင်
Viewing all articles
Browse latest Browse all 50

သုညကြွင်းဖွားတို့ အကြောင်း

$
0
0

ကဲ…..လူတော်တော်များများ သိချင် ၊ ဖတ်ချင် နေကြတဲ့ အကြွင်းဖွား ဟောကိန်းတွေကို ကျွန်တော် စပြီး ရေးသားလိုက်ပါတယ်။ မိမိကိုယ်တိုင်က သုညကြွင်းဖွား မဟုတ်သည့်တိုင်အောင် …လေ့လာ ဖတ်ရှုထားရင် အကျိုးရှိနိုင်မယ့် အချက်အလက်လေးတွေကို  လက်တွေ့ မှတ်တမ်းတင်ထား သမျှ ရေးသား ဖော်ပြပေးလိုက်ရပါတယ်။


မြန်မာပြည်မှာ အကြွင်းဖွား ဟောကိန်းတွေ ပလုံစီနေအောင် ပြည့်သိပ်နေပေမယ့် …ကျွန်တော့် အယူအဆ တွေနဲ့တော့ တူမှာမဟုတ်ပါ။ ပြဒါးတစ်လမ်း သံတစ်လမ်းလည်း ဖြစ်ကောင်း ဖြစ်နေပါမယ်။ ဘာပဲဖြစ်ဖြစ် …မှန်သည် မှားသည်ကို ကာယကံရှင်တွေကသာ ဆုံးဖြတ်သိမြင်မှု အရှိနိုင်ဆုံး ဖြစ်လာမှာပါ။ ….လေ့လာကြည့်ကြပါစို့။

သုညကြွင်း မဟာဘုတ်ဇာတာ

  အဓိပတိ
     

   အထွန်း
     
    သိုက်
     
      ရာဇ
      
    မရဏ
     
      ဘင်္ဂ
      
      ပုတိ
      

သုညကြွင်း မဟာဘုတ်ဇာတာ ဖွား တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ………….
( မိမိ မူလ မြန်မာမွေးခုနှစ်ကို ၇ ဖြင့်စားအကြွင်း သုည ဖြစ်သော ဇာတာရှင်များအားလုံးအတွက်)

မူလသဘာဝ …

ဒီမဟာဘုတ် အကြွင်းဖွားတွေဟာ ရည်ရွယ်ချက် အလွန်ပြင်းထန် တတ်ကြပါတယ်။ ဘယ်အကြောင်းအရာ မျိုးကိုမဆို မလုပ်ရင် သပ်သပ် ၊ လုပ်မိရင် …အချိန်တွေအများကြီး ကုန်ဆုံးသွားသည် အထိ နှစ်မြှုပ် ကုန်ဆုံးစေသူများလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ပြင်းထန်တဲ့ စူးစိုက်မှု သဘာဝကို သူတို့ ကိုယ်တိုင်လည်း ထိမ်းချုပ်ဖို့ အခက်အခဲ ရှိတတ်ကြပါတယ်။

သူတို့က ခွန်အားစိုက်မိရင် …နဲနဲလေး ၊ ပေါ့ပေါ့တိမ်တိမ်လေး စိုက်လို့ မရသူတွေပါ။ တနည်းအားဖြင့်တော့ အလွန်အကျွံသမားတွေလို့ ဆိုနိုင်ပါတယ်။ လောင်းကစားဝိုင်းတွေမှာ …မထင်မှတ်နိုင်လောက်အောင် ပုံအောပြီး စွန့်စားလောင်းတတ်ကြသူတွေဟာ သုညကြွင်းဖွားတွေပါပဲ။

ကြင်နာချင်ရင် သူတို့လောက် သနားယုယတတ်တဲ့သူ မရှိသလို….၊ ရက်စက်ပြီ ဆိုရင်လည်း ခက်ထန်ကြမ်းတမ်းတဲ့ အစွန်းရောက်ရက်စက်မှုမျိုးကို လုပ်ကိုင်ဝံ့သူတွေပါ။ သူတို့ရဲ့ဘ၀မှာ အင်အား အသင့်အတင့် သုံးစွဲဖို့ ဆိုတာက  အခက်ဆုံးပါပဲ။ တစ်ခုခုလုပ်လိုက်မိတာနဲ့ အင်အားကို အလွန်အကျူး သုံးစွဲမိတတ်ကြပါတယ်။ ဒါကြောင့်လည်း ….လူ့လောက အသိုက်အ၀န်းမှာ … အာရုံ စူးစိုက်မှု ပြင်းထန်သော သူများ….၊  စိတ်ဝင်စားရာနယ်ပယ်မှာ အချိန်အလွန် အမင်းသုံးစွဲကြသူများ အဖြစ် ၄င်းတို့ကို တွေ့ရနိုင်ပါတယ်။

ထက်မြက်တဲ့ သူတို့ရဲ့စွမ်းရည် တစ်မျိုးကတော့ ….ဆက်သွယ်မှုစွမ်းရည်ပဲ ဖြစ်ပါတယ်။  တစ်ခုနဲ့တစ်ခုကို ဘယ်လိုချိတ်ဆက်ရမယ် ဆိုတာကိုလည်း သူတို့က အလွယ်တစ်ကူ နားလည်နေတတ်ကြပါတယ်။ အချို့သော သုညကြွင်းဖွားများဟာ  ထက်မြက်တဲ့ အတွေးအခေါ်ကြောင့် ထင်ရှားကြပြီး၊ အချို့ကတော့ ..စကားပြောကောင်းသူ၊ ဘာသာစကားများနှင့် ဆိုင်သော စွမ်းရည်တစ်မျိုးမျိုး ပိုင်ဆိုင်နေသူ အဖြစ် ထင်ရှားကြလေ့ရှိပါတယ်။ အချို့ကတော့ ယနေ့အိုင်တီ နည်းပညာ လောကမှာ သူမတူအောင် ထက်မြက်သော သူမျိုးတွေအဖြစ် ရပ်တည်နိုင်လာကြပါတယ်။

သူတို့က အများအားဖြင့် သဘောထားကြီးတတ်ကြသူတွေပါ။ သို့သော် တစ်ခါတစ်ရံကြတော့လည်း ဘာမှမဟုတ်တာလေးကို ကပ်သပ်ပြီး၊ စေ့စပ်စိစစ် တွက်ကိန်းချ ပေသီးရိုက်နေလေ့ ရှိတတ်ကြပါတယ်။ ဒီတော့ အကြမ်းအားဖြင့် သူတို့ကို …ပြတ်သားသူ၊ တစ်ခါတစ်ရံ မထင်မှတ်နိုင်လောက်အောင် ရက်ရော တတ်ပြီး၊ တစ်ခါတစ်ရံတော့ ဘာမှမဟုတ်တာလေးကိုတောင်…တွက်ကပ်နေတတ်သူတွေအဖြစ် သတ်မှတ် နိုင်ပါတယ်။

 ဘ၀ဖြတ်သန်းပုံ နှင့် ကံဇာတာအနေအထား ….

သုညကြွင်းဖွား အားလုံးအဖို့ အင်္ဂါဂြိုဟ်အိပ်ကို ဖြတ်သန်းချိန် နဲ့ သောကြာဂြိုဟ်အိပ်ကို ဖြတ်သန်းချိန်များမှာ ဘ၀ကံဇာတာ ပြင်းထန် ကြမ်းတမ်းလေ့ရှိတတ်ကြပါတယ်။ နေ့နံသားသမီး ကွဲပြားမှု အရ ကံဇာတာ ကွာခြားကြသည့်တိုင်အောင် ……အဆိုပါဂြိုဟ်အိပ်များ အတွင်း ….ပြင်းထန်တဲ့ ဘ၀အချိုးအကွေ့နဲ့ …လောကဓံရိုက်ခတ်မှု အသီးသီးကို အထူနဲ့အပါးဆိုသလို ကြုံတွေ့ကြရတတ်စမြဲ ဖြစ်ပါတယ်။

မြောက်များလှစွာသော သုညကြွင်းဖွား အားလုံးကို ကံကောင်းစေသောဂြိုဟ်ကတော့ ကြာသာပတေးဂြိုဟ်ပဲ ဖြစ်ပြီး…..၊အဆိုပါ ကြာသာပတေးဂြိုဟ်ရဲ့ ကောင်းကျိုးကတော့ …သုညကြွင်းဖွား များအဖို့ ..ဘယ်လုပ်ငန်းနယ်ပယ်မှာ ထွန်းတောက်အောင်မြင်ခွင့် ရသည်ဖြစ်စေ…အခြား အကြွင်းဖွားများထက် ပိုမိုကျယ်ပြန့်စွာ …အောင်မြင် နိုင်ကြခြင်းပဲ ဖြစ်ပါတယ်။ ဖြန့်ဖြူးရေး လုပ်ငန်း အမျိုးမျိုးနဲ့ အကျိုးပြုတတ်ကြပြီး၊ လုပ်ငန်းချဲ့ထွင်မှုပြုရာ မှာလည်း ကံကောင်းထောက်မ တတ်ကြ သူများပဲ ဖြစ်ပါတယ်။

အဲဒီ့လိုပါပဲ ဆရာကောင်းတွေ့ခြင်း ၊ မိမိကို ကယ်တင်စောင့်မမည့် အမှီကောင်းကြုံခြင်းများ ကိုလည်း အဆိုပါ ကြာသာပတေးဂြိုဟ်ကပဲ ဆောင်ကျဉ်းလာတတ်စမြဲ ဖြစ်ပါတယ်။ အခြားသော အတိတ်ကံ အကျိုးပေး တစ်ခုကို ပြပါ ဆိုရင်တော့ ….လွယ်လင့်တစ်ကူ စီမံအုပ်ချုပ်ခွင့်ရရှိတတ်ခြင်း၊ ထိမ်းသိမ်းစောင့်ရှောက်ခွင့် ရရှိရန် လွယ်ကူခြင်း များပဲ ဖြစ်ပါတယ်။ အလားတူပါပဲ…..အမျိုးသမီးများရဲ့ ချစ်ခင် ယုယမှု ၊ အမျိုးသမီးအကြီးအကဲများရဲ့ စောင့်ရှောက်ဖြည့်ဆည်းပေးမှုကို အတိတ်ကံအကျိုးပေးအရ …ရရှိတတ်သော ကံဇာတာပိုင်ရှင်များ လို့ ဆိုနိုင်တာ အမှန်ပါပဲ။

ချစ်မှုရေးရာ နှင့် ….အိမ်ထောင်ရေးကဏ္ဍ

ဒီအကြွင်းဖွားတွေဟာ ….ဘ၀မှာ  …လျှို့ဝှက်စွာ လက်ထပ်ထိမ်းမြားရခြင်း၊ အတည်တစ်ကျမဟုတ်သော …လက်ထပ်ထိမ်းမြားရခြင်းမျိုး၊ တိုးတိုးတိတ်တိတ် လက်ထပ်ပေါင်းသင်းရန် ကမ်းလှမ်းခံရခြင်းမျိုး ကြုံလွယ်တတ်ကြပါတယ်။

ဒီကံဟာ ဒီအကြွင်းဖွားတွေအပေါ်မှာ( တစ်ဦးနဲ့တစ်ဦး အတိုင်းအတာ မတူညီကြပေမယ့် ) ရှိနေတာတော့ အမှန်ပါပဲ။  အခါအားလျော်စွာ လက်ထပ်ထိမ်းမြားရေးအတွက် မရေရာ မသေချာခြင်း၊ စိတ်ဒွိဟဖြစ်ရခြင်းများ ကိုလည်း လွယ်ကူစွာ ဖြစ်တည်လာစေတတ်ပါတယ်။

ချစ်မှုရေးရာ ကဏ္ဍပိုင်းမှာတော့ …. ဒီအကြွင်းဖွားတွေဟာ ရည်ရွယ်ထားတာနဲ့ တက်တက်စင်အောင် လွဲရခြင်းတွေ  ၊ ပြင်းပြင်းပြပြ အလေးအနက်ထားခဲ့ပြီး ဖြစ်မလာတာတွေ ကြုံကြိုက်ကြရ တတ်သလို …၊ မထင်မှတ်ထားတဲ့ရှုထောင့်ကနေ ရုတ်တရက် ပေါ်ပေါက်လာတဲ့ ချစ်မှုရေးရာကဏ္ဍမျိုးတွေကို လည်း ကြုံကြိုက်ကြရ တတ်ပါတယ်။ 

သုညကြွင်းဖွားတစ်ယောက်ယောက်က ….အခြားတစ်ယောက်ယောက်ကို ..အလေးအနက် အသဲ အသန် ကြိုက်ပြီဟေ့ ဆိုရင် ….သတိထားစရာပါပဲ။ အကြောင်းကတော့ လေးနက်လွန်းရင် လွဲတတ်တဲ့ကံ  ….သူတို့မှာ ရှိနေလို့ပဲ ဖြစ်ပါတယ်။

အိမ်ထောင်ရေး ကဏ္ဍမှာတော့ …သူတို့ရဲ့ ဘ၀ကြင်ဖော်တွေက သူတို့ကို နမော်နမဲ့နိုင်တယ်။ အချိန်ဖြုန်းတယ်။ အချိန်သုံးချင်တဲ့နေရာမှာ အချိန်အကြာကြီးသုံးပြီး မိသားစုကို လျစ်လျူရှုတယ် ..စသည်ဖြင့် …လက်ညှိးထိုးစရာ မကြာမကြာ ဖြစ်ကြရစမြဲပါပဲ။ ခက်တာက သုညကြွင်းဖွား သည်ဇာတာရှင်တွေ ကိုယ်တိုင်ကလည်း ဂရုစိုက်ချင် အလွန်အကျွံစိုက်မိပြီး …မစိုက်ချင်ရင်လည်း …မေ့ကရော ဆိုတာမျိုး ….ဖြစ်တတ်ကြသူတွေပါ။ အဲဒီ့လိုပါပဲ…စိတ်ဝင်စားရာ နယ်ပယ်တစ်ခုခုမှာ အချိန်အလွန်အကျူးသုံးစွဲတတ်ကြသူများ ဖြစ်တာမို့…..ဘ၀ကြင်ဖော် တွေက …ယင်းအချက်နဲ့ အကြောင်းပြုပြီး …အမြင်မကြည် ဖြစ်လာတတ်ကြပါတယ်။

သုညကြွင်းဖွားတွေကို …သူတို့ရဲ့ ဘ၀ကြင်ဖော်တွေက အမြဲပြောတတ်တဲ့ စကားတစ်ခွန်းလည်း ရှိပါတယ်။ 

( မင်းလုပ်လိုက်မှဖြင့် …ဒီလိုချည်းပဲ …လက်လွန်ခြေလွန်)
(ရှင်ကတော့ ….လုပ်လိုက်ရင် အလွန်အကျူးတွေချည်းပဲ..)

ရယ်စရာပြောရရင်တော့……….

သုညကြွင်းဖွား အမျိုးသမီးတစ်ယောက်ကို အိမ်ထောင်ဖက်မိတဲ့ ယောကျာ်းတစ်ယောက် အဖို့.. ဆားငန်သွားတဲ့ ဟင်းပွဲအချို့ နဲ့ မီးပူကျွမ်းသွားတဲ့ အ၀တ်အစား အချို့  ကို သီးခံနိုင်ဖို့လိုပြီး သုညကြွင်းဖွား အမျိုးသား တစ်ယောက်ကို အိမ်ထောင်ဖက်မိတဲ့ မိန်းကလေး တစ်ယောက် အဖို့ တော့………… အချိန်လွန် လွန်သွားပြီးမှ  ပြန်လာတတ်ခြင်း နဲ့  …မိန်းမကို နဘေးထားပြီး ကိုယ်ထင်ရာ ကိုယ် အာရုံစူးစိုက်နေတတ်ခြင်းမျိုးလေးတွေကို သီးခံဖို့သာ ပြင်ပေတော့ဗျာတို့။

ကျန်းမာရေး နှင့် အသက်ဇီဝ ..

သုညကြွင်းဖွား အများစုဟာ …သတိလစ်လောက်သော …အပြင်းဖျားခြင်း ၊ သတိလစ်ခြင်း၊ သတိလစ် သွားနိုင်သည် အထိ ပြင်းထန်သော မတော်တဆမှုများ ကြုံတတ်ခြင်း ကံ ရှိကြသူတွေပါ။ ဘာရောဂါ ကြောင့်ပဲ ကျန်းမာရေးထိခိုက်မှု ကြုံသည်ဖြစ်စေ….. အဲဒီ့ရဲ့ အခြားသက်ရောက်မှု တစ်ခုကတော့ သတိကို ထိခိုက်စေခြင်းပဲ ဖြစ်ပါတယ်။

သတိကို ထိခိုက်စေခြင်း  ….  ဆိုတာ ဘာကို ဆိုလိုပါသလဲ။
သတိကို ထိခိုက်စေခြင်း အမျိုးမျိုးရှိပါတယ်။ 

မကြာခဏ မေ့တာ ၊ သတိလက်လွတ် ဖြစ်ဖြစ်သွားတာ ၊ မတော်တဆ မကြာခဏဖြစ်လာတာ ၊ လုံးဝ သတိမေ့သွားတာ ၊ သတိမရတော့ပဲ ဖြစ်သွားတာ ၊ အတိတ်မေ့တာ ၊ နိုးကြားမှု ကင်းမဲ့သွားတာ…(ကိုမာရောဂါ ကိုလည်း ဖြစ်စေတတ်သော အနေအထား ဖြစ်ပါတယ်။)

အဆိုပါ …သတိကိုထိခိုက်စေခြင်း  ဖြစ်စေနိုင်သော အနေအထားကြောင့်ပင် …သုညကြွင်းဖွားတွေဟာ … ဘ၀မှာ ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလက်လွတ် မကြာခဏ ဖြစ်ခြင်း တွေ ၊ အတက်ရောဂါ ၊ မူးမေ့ ရောဂါ ၊ စိတ်ကစင့်ကလျား ဖြစ်ရတဲ့ဝေဒနာတွေ သက်ရောက်ရန် လွယ်ကူလာကြပါတယ်။

သုညကြွင်းဖွားတွေကို ကျန်းမာရေးထိခိုက်စေနိုင်သော အချက်ပေါင်းများစွာထဲမှာ မသန့်ရှင်းသော…ရက်လွန်နေသော ၊ မလတ်ဆတ်သော အစားအစာများ စားသုံးမိခြင်းဟာလည်း တစ်ခု အပါအ၀င်ပဲ ဖြစ်ပါတယ်။ အဲဒီ့လိုပါပဲ ..ဒိတ်အောက်နေသော ဆေးဝါးမျိုးမှီဝဲမိခြင်း၊ တားမြစ်ဆေးဝါးများ သုံးစွဲမိခြင်း နဲ့ …သတ်မှတ်ထားသည်ထက် အတိုင်းအဆ ပိုမိုလွန်ကဲသော ဆေးဝါးအလွန်အကျွံ သုံးစွဲမိခြင်းများ ကြောင့်လည်း ဥပဒ် ဖြစ်ရတတ်သော သူများ လို့ ဆိုနိုင်ပါတယ်။

အနှစ်ချုပ်ဆိုချင်တာကတော့…သုညကြွင်းဖွားတွေကို အဓိက ကျန်းမာရေး ထိခိုက်စေနိုင်တာကတော့ ……သူတို့ ကိုယ်တိုင်ရဲ့ အလွန်အကျူးလုပ်ဆောင်မှု များကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ တစ်ချို့က ဆေးလိပ်အလွန်အကျွံသောက်မယ်။ တစ်ချို့က အညောင်းအရမ်းထိုင်မယ်။ တစ်ချို့က ..ဂိမ်း အသေအလဲ ဆော့မယ်။ တစ်ချို့က ….ထမင်းမေ့ဟင်းမေ့ ..ကိုယ်ပျော်ဝင်နစ်မြုပ်ရာ နယ်ပယ်မှာ နစ်မြုပ်နေမိမယ်။  အဲဒီ့လိုတွေကနေပဲ…ကျန်းမာရေး အားနဲချက်တွေ စတင်ဖြစ်ပေါ်လာ နိုင်တာ အမှန်ပါပဲ။

ဆိုတော့ သုညကြွင်းဖွား များ အားလုံးအတွက် အနှစ်ချုပ် အကြံပြုရရင်…. .. လုပ်ချင်တာလုပ် ..နဲနဲလေးတော့ လျော့လုပ်ပါ။ သတိကို ဆောင်ပါ လို့ပဲ အကြံပြုအပ် ရပါကြောင်း။

အခြားသော အချင်းအရာများ …….. 

သုညကြွင်းဖွား တွေ အားလုံးဟာ ….သေးသေးကွေးကွေး ကြံစည်လေ့ရှိကြသူများ မဟုတ်ကြပါဘူး။ သူတို့က အင်အားကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်လိုစိတ်မျိုး ရှိကြပြီး ….ဘာပဲလုပ်လုပ် လက်လီသဘောထက် လက်ကားသဘောဆန်တဲ့ လုပ်ရပ်မျိုး ကို ပိုမိုဆန္ဒရှိတတ်ကြပါတယ်။ 

သူတို့ဟာ…နောက်ကွယ်ကနေ အမိန့်ပေးထိမ်းချုပ် ရတာကို နှစ်လိုတတ်ကြပြီး ၊ အဝေးကနေ သို့မဟုတ် ကန့်လန့်ကာ နောက်ကွယ်ကနေ ကြိုးကိုင် လိုသော မူလ သဘာဝမျိုး ရှိကြသူတွေပါ။ အချို့သော သုညကြွင်းဖွားများဟာ ယဉ်ကားတွေကို မောင်းနှင်လိုသော ၀ါသနာတစ်မျိုး စွဲကပ်နေတတ်ကြပါတယ်။

သုညကြွင်းဖွားတွေဟာ ဆက်သွယ်မှု စွမ်းရည် ပိုင်ဆိုင်ထားကြတာကြောင့် ….ဒီစကေး ဒီစွမ်းရည်ကို သုံးနိုင်သလောက် ဘ၀တိုးတက်မြင့်မားမှုလည်း  တိုးမြင့်လာနိုင်ကြပါတယ်။ သုညကြွင်းဖွားတွေဟာ  အများအားဖြင့် ကပ်စေးမနဲတတ်ကြပါဘူး။ ကပ်စေးနဲတယ်လို့ အထင်ခံရသည့်တိုင်အောင်….မထင်မှတ်ဘဲ အလွန်ရက်ရောနိုင်ကြသူမျိုးတွေ ဖြစ်ပါတယ်။ သွေးမတော်သားမစပ် လေလေ သူတို့ရဲ့ ရက်ရောမှုနဲ့ သဒ္ဒါတရားက …. အံ့သြဖွယ်ရာ ကောင်းလောက်အောင် ….ထားနိုင်လာလေလေပါပဲ။
ကောင်းပြီ …ဆောင်းပါးလဲ နဲနဲ တော့ ရှည်သွားလောက်ပြီမို့ အနှစ်ချုပ်ကြပါစို့။ 

တစ်ကယ်လို့သင်ဟာ …… 

(၁) သင်ကိုယ်တိုင် သုညကြွင်းဖွား တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင်……… 

ခန္ဓသုတ်တော်ကြီးကို နေ့စဉ်ရွတ်ပါ။ သတိ ကို အားကောင်းအောင် အမြဲ ကြိုးစားပါ။ 

(၂) သင့်ချစ်သူက  သုညကြွင်းဖွား ဖြစ်ခဲ့မယ်ဆိုရင် ………. 

အချစ်စမ်းတာကို ခံနိုင်အောင် ကြိုတင်ပြင်ဆင်ထားပါ။ အချိန် လွဲချော်တာ ၊ ချိန်းထားပြီး လွဲလွဲနေတတ်တာတွေကို သီးခံနိုင်ဖို့  ပြင်ဆင်ထားပါ။ အရမ်းဂရုစိုက်လွန်းတာ နဲ့ လုံးဝ ဂရုမစိုက်တာ နှစ်မျိုးစာလုံးကို …လက်ခံနိုင်အောင် ကြိုတင်ပြင်ဆင်ထားပါ။

(၃) သင့် အလုပ်ရှင်က သုညကြွင်းဖွား ဖြစ်ခဲ့မယ် ဆိုရင် ….

သင့်အလုပ်ရှင်ရဲ့ မဟာပေတံကြီး  ကို … အမြဲပေမှီဒေါက်မှီ ဖြစ်နေအောင် သတိထားပါ။ သူတို့ရဲ့ စံသတ်မှတ်ချက် ပြင်းထန်မှုကို တင်းပြည့်ကျပ်ပြည့် လိုက်မမီ နိုင်တောင် …မီနေတဲ့ပုံစံမျိုး ..နေပါ။ သင့်အလုပ်ရှင်က သင့်ကို မကြာခဏ အကဲစမ်းတာ ၊ စမ်းသပ်တာတွေကို လည်း ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားပါ။

(၄) သင့် အလုပ်သမားက သုညကြွင်းဖွား ဖြစ်ခဲ့မယ်ဆိုရင် …. 

အရမ်းအရေးကြီးတဲ့  …..အတိအကျ လုပ်ရမယ့် …လွဲချော်လို့မဖြစ်တဲ့ ကိစ္စတွေ ကို ခိုင်းမယ်ဆို …သတိထားပါ။ ဟိုဘက်သည်ဘက် ချိန်သားကိုက် ဖြစ်အောင် ညှိယူရမယ့် ကဏ္ဍ တွေမှာ မခိုင်းပါနဲ့။ လုပ်ငန်းခွင် အနေအထားတစ်ခုမှာ ပိုမိုကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာအောင် တော့ သူတို့ရဲ့ အကူညီနဲ့  ဆောင်ရွက်ပါ။

(၅) သင့် အိမ်ထောင်ဖက် က သုညကြွင်းဖွား ဖြစ်ခဲ့မယ်ဆိုရင် ……
အမျိုးသား အတွက် ..သုညကြွင်းဖွား ဇနီးမယား  ရရှိခဲ့မယ်ဆိုရင်….

ဆားငန်သွားတောင် …နဲနဲလေး လေးသဟဲ့ ..အတော်ပဲ ပေါ့တော့တော့ စားနေရတာကြာပြီ..တစ်ခါတစ်လေ အဲလိုလေး လေးနေမှလို့ပြောပါ။ အ၀တ် မီးပူကျွမ်းသွားရင်တောင် ….အဆိုးထဲကအကောင်းပေါ့…အဲဒီ့အ၀တ်ကို သိပ်မကြိုက်လို့ မ၀တ်ချင်ဘူး ဖြစ်နေတာ..ခုမှနားအေး သွားတော့တယ် လို့ ပြောပါ။ 

အဲဒါ မယားချစ်ဆေး ဖြစ်ပါလိမ့်မယ်။ ဒီလိုဇနီးမယားမျိုးလေးကို ပိုင်ထားပြီးရင်တော့ …အချစ်စမ်းတာကိုလဲ ခံနိုင်အောင်ကြိုးစားပါ။ 

ဟိုနေ့က ကျွန်မနဲ့ ပါလာတဲ့ မိန်းကလေးကို ဘယ်လိုသဘောရလဲ။ ချောတယ်နော် …လို့ ပြောရင် ယောင်ပြီး ခေါင်းမငြိမ့်မိပါစေနဲ့။  ..(နာသွားမယ်..ဟင်းးးးး….အဲဒါ ကိုယ့်ဆရာရဲ့ အတွင်းသဘောကို အကဲစမ်းကြည့်နေတာနှောာာာာာ….)

အမျိုးသမီး အတွက်  သုညကြွင်းဖွား ခင်ပွန်းယောကျာ်း ရရှိခဲ့မယ်ဆိုရင် …

စိတ်ဝင်စားရာကို  အာရုံရောက်နေပြီး  …ကိုယ့်ကိုယ် ရှိမှန်းတောင် သတိမရတော့တဲ့ ယောကျာ်းကို …နဘေးနားက ယပ်ကလေးခပ်ပြီး …ပုခုံးပါးအပ် ပါရမီဖြည့်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။

လာကြိုဦးလို့ ချိန်းထားပြီးရင် …. ခပ်ကြာကြာစောင့်နိုင်အောင် ကြိုပြင်ထားပါ။ ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ် ပြန်လာနိုင်ဖို့လည်း အစီအစဉ်ကြိုဆွဲထားပါ။

တစ်ခါတစ်ခါ ပြင်းပြင်းထန်ထန် ..နှိုးဆော်လာ ၊ တစ်ခုခုကို တိုက်တွန်းလာခဲ့ရင်လည်း …ကိုယ့်ဘက်က နိုးနိုးကြားကြားနဲ့ ..သဘောတူပေးနိုင်သမျှ သဘောတူပေးလိုက်ပါ။ 

(၆)  သင့်ရင်သွေး တစ်ဦးဦးက ..သုညကြွင်းဖွား တစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင်တော့…

ကွဲတတ်ရှတတ်၊ ပျက်ဆီးလွယ်သော ပစ္စည်းတွေကို သူတို့နဲ့ ဝေးဝေးထားပါ။
ကိုယ်ခေါ်နေတာ ကိုယ်ပြောနေတာကို အာရုံမစိုက်ရကောင်းလား ဆိုပြီး ကလေးကို စိတ်မတိုလိုက်ပါနဲ့။ 

တစ်ခုခုကို အလွန်အကျွံလုပ်နေရင်လည်း … သူတို့ဗီဇ စရိုက်ကို ကိုယ်က နားလည်ပေးပါ။ စိတ်ရှည်ရှည်နဲ့ သူတို့ကို အာရုံပြောင်းနိုင်အောင် ကြိုးစားကြည့်ပါ။ 

သူတို့ဆီမှာ က အချိန်းဖြုန်းမှု တစ်ခုခုတော့ ရှိနေတတ်ပါတယ်။ ဒီလိုအချိန်ဖြုန်းနေတာ ..အရမ်းပြဿနာ မရှိလောက်ဘူးဆိုရင်တော့ …လွှတ်သာပေးထားလိုက်ပါ။

တစ်ခုမဟုတ် တစ်ခု အချိန်အလွန်သုံးစွဲနေမှု ရှိနေမယ့် ကလေးတွေ ဖြစ်လို့ပါပဲ။

ကဲ….သုညကြွင်းဖွား ….ဇာတာရှင်များအတွက် …ဒီလောက်နဲ့ပဲ နိဂုံးချုပ်ကြပါစို့။ 
 
အားလုံးပဲ ချမ်းမြေ့ကြပါစေ။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း

01 618 469
09 401 563 291

Viewing all articles
Browse latest Browse all 50

Trending Articles


မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ပေါင်မှာ တက်တူးတစ်ခု ထပ်ထိုးခဲ့တဲ့ သင်​ဇာဝင့်ကျော်


TTA Oreo Gapp Installer


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြလေး အပိုင်း(၄)