မိမိရဲ့ မြန်မာမွေးခုနှစ် သက္ကရာဇ်ကိုတည် …ခုနှစ်ဖြင့်စား ..။ ကြွင်းတဲ့အကြွင်းက ... ၃ … ဖြစ်ခဲ့မယ် ဆိုရင် …သင့်ကို သုံးကြွင်းဖွားလို့ ဆိုနိုင်ပါတယ်။ သုံးကြွင်းဖွားတို့အကြောင်း လေ့လာကြည့်ကြပါစို့။
သုံးခုကြွင်း မဟာဘုတ်ဇာတာ
အဓိပတိ ၀ | ||
အထွန်း ၂ | သိုက် ၅ | ရာဇ ၁ |
မရဏ ၆ | ဘင်္ဂ ၃ | ပုတိ ၄ |
သုံးခုကြွင်း မဟာဘုတ်ဇာတာ ဖွား တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ………….
( မိမိ မူလ မြန်မာမွေးခုနှစ်ကို ခုနှစ်ဖြင့်စား အကြွင်း သုံး ဖြစ်သော ဇာတာရှင်များအားလုံး အတွက် ……)
မူလသဘာဝ …
ဒီမဟာဘုတ် အကြွင်းဖွားတွေဟာ ………. ဘ၀ခရီးတစ်လျှောက်လုံးမှာ …. ယုံကြည်မှု ကို လက်ကိုင်ပြု လျှောက်လှမ်းကြသူတွေဖြစ်ပါတယ်။ သူတို့ယုံကြည်ရာကိုသာ စွဲမြဲစွာ ယုံကြည်ပြီး …အခြား အရာတွေကို လျစ်လျူရှုပစ်လိုက်ကြသူတွေ ပါပဲ။ အဖြူရောင်ကို အထင်ကြီးမိ ရင် အဖြူရောင်ကိုပဲ ကိုးကွယ်တယ်။ အနက်ရောင်ကို လေးစားမိရင် အနက်ရောင်ကိုပဲ ကြည်ညိုတယ်။ ကျန်တာတွေ လာမပြောနဲ့ ..ဟင့်အင်းပါပဲ။
ထိုကဲ့သို့သော (မှ..တစ်ပါး ..အခြားမရှိ..) သည့် စိတ်အခြေအနေမျိုးဖြင့် ဘ၀ခရီးကို ဖြတ်သန်းလေ့ ရှိကြသူများ ဖြစ်သလို …၊ သူတို့ဟာ ဘယ်တော့ပဲ ဖြစ်ဖြစ် အတော်ဆုံး ၊ အကောင်းဆုံး ၊ အမြတ်ဆုံး အရာတွေကို သာ သဘောကျတတ်သူတွေ ဖြစ်တယ်။ သူတို့အထင်ကြီးမိ .. လေးစားအားကျမိပြီဆိုရင် ၊ ဒါမှမဟုတ် ..အကောင်းမြင်မိသွားပြီ ဆိုရင် ..ဒါမှဒါ ပဲ ဆိုသလိုမျိုး သဲသဲမဲမဲ နှစ်သက်မိတတ်သလို ….၊ သူတို့ အထင်သေးမိ .. နှာခေါင်းရှုံ့မိသွားပြီ ဆိုမှဖြင့် …ဘာပြောပြော ၊ ဘာကြုံကြုံ ..အဲဒီ့ အကြောင်းအရာကို ဘယ်သောအခါမှ အကောင်းမြင်ကြည့်လို့ မရတော့ပါဘူး။
သူတို့က အသိဥာဏ်ဆိုတာကို အလေးထားမြတ်နိုးတတ်သလို ၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် နံပါတ်တစ် ဖြစ်နေတာတွေကိုလည်း သဘောကျတတ်သူများ ဖြစ်ပါတယ်။ သုံးတွေ ၊ လေးတွေ၊ ငါးတွေ ဘယ်လောက်တွေ့တွေ့ အာရုံမညွတ်မိပေမယ့် ..တစ်ကို တွေ့လိုက်ရင်တော့ ..စိတ်နှလုံး သဘောခွေ့ ..ပီတိမွေ့စိတ်က ငယ်ထိပ်တက်လာ တတ်ကြသူတွေလည်း ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ …သူတို့ဟာ ..၊ မူလပင်ကိုယ်စွမ်းရည် တောက်ပနေသော မည်သူ့ကို မဆို သဘောကျတတ်သော စိတ် ရှိတတ်ကြပါတယ်။ ဒါကြောင့်လည်း သူတို့အားကျတတ်တဲ့ ပုဂ္ဂိုလ်တွေဟာ …တီထွင်ဖန်တီးနိုင်သူတွေ၊ ပင်ကိုယ်စွမ်းရည်ထက်မြက်သူတွေ၊ သူမတူအောင် ပင်ကိုယ်ထင်မြက်နေသူတွေ ဖြစ်နေတတ်ပါတယ်။
အလားတူပါပဲ….ဆုတံဆိပ်တွေ၊ ရာထူးတွေ၊ ဂုဏ်ထူးဆောင် အမှတ်တံဆိပ်တွေကို နှစ်သက်မြတ်နိုးတတ်သော စိတ်သဘာဝ ရှိကြသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ..သူတို့ကိုယ်တိုင်ကလည်း အထင်ကြီးမိရာကို အလွန်အသိမှတ်ပြုတတ်သလို ၊ သူတို့ကို အသိမှတ်ပြုခံရခြင်းကိုလည်း အလွန် အင်မတန် သဘောခွေ့တတ်ကြသူတွေပါ။ ချီးကျူးစကားတွေကိုသာ ကြားခွင့်ရမယ် ..ဆိုရင် ..မြှောက်ပြောနေမှန်း သိနေရင်တောင် ..ချိုမြိန်သာယာ ညွတ်နူးပစ်လိုက်ဖို့ အဆင်သင့် အမြဲ ရှိနေတတ်သူတွေပါ။ ဒီစိတ်အခြေခံသဘာဝတွေ ကြောင့်ပဲ …အိမ်တစ်အိမ်မှာ ..ဆုတံဆိပ်တွေကို မှန်ဘောင်ထဲ ထည့် ပြီး တင်ထား ၊ ချိတ်ထားပြီး ၊ အမြဲ ဖုန်သုတ်အရောင်လက်နေစေတတ်တဲ့ သူတွေဟာ သုံးကြွင်းဖွားတွေပဲ ဖြစ်လာပါတယ်။
အချို့သော သုံးကြွင်းဖွားတွေဟာ ကျန်းမာရေးဆိုင်ရာ အလေးပေးလွန်းစိတ်လွန်ကဲ ပြီး ၊ ဘာလုံးဝမစားဘူး၊ ဘယ်အရာ လုံးဝရှောင်မယ် ၊ ဘယ်လို လုံးဝမလုပ်ဘူး ..စသည်ဖြင့် …သံမဏိစည်းကမ်းတွေ ကိုယ်တိုင်ချမှတ် ထားကြတာကို တွေ့ရပါတယ်။ အချို့သော သုံးကြွင်းဖွားတွေကလည်း …စည်းကမ်း သည်သာ နံပါတ်တစ် ဆိုတဲ့ မူဝါဒနဲ့ …တစ်ဘ၀လုံးကို ကိုယ်ပိုင်စည်းကမ်းတွေ သတ်မှတ်ပြီး .. ဘယ်သူပြောပြော အလျှော့အတင်းမရှိတဲ့ စိတ်နဲ့ နေထိုင်သွားတတ်ကြပြန်ပါတယ်။
ဘ၀ဖြတ်သန်းပုံ နှင့် ကံဇာတာအနေအထား ….
သုံးကြွင်းဖွားတွေဟာ ….အင်္ဂါဂြိုဟ်အိပ်ကို ဖြတ်သန်းချိန်များမှာ အလွန်အတိုက်အခံ ရန်များ တတ်ပါတယ်။ ပြင်းပြင်းထန်ထန် ခါးခါးသီးသီး မုန်းရတဲ့ ရန်သူမျိုးတွေနဲ့ ကြုံတွေ့ရတတ် သော မူလကံဟာ အဆိုပါ အင်္ဂါဂြိုဟ်အိပ်ထဲမှာ ပိုမိုတောက်ပလာပါတယ်။ ဗုဒ္ဓဟူးဂြိုဟ်အိပ်များကတော့ သူတို့ဘ၀ရဲ့ ရသင့်ရထိုက်သော အကောင်းဆုံး ဆုလာဘ်တွေကို မွေးဖွားပေးရာ ကာလများပဲ ဖြစ်ပါတယ်။ သုံးကြွင်းဖွားတွေအဖို့ …သောကြာဂြိုဟ်အိပ်ချိန်ဟာလည်း ….ပြိုင်ဘက် ရန်သူများ ပေါများ တတ်ချိန် ဖြစ်ပါတယ်။ အချို့သော သုံးကြွင်းဖွားများ အဖို့ …မွေးချင်း ညီအစ်ကိုမောင်နှမ များနဲ့ …ဆက်နွယ်သော ရန်ပွဲများ နဲ့ အားပြိုင်ရမှုများစွာကို . အဆိုပါ သောကြာဂြိုဟ်အိပ်ကာလများအတွင်း ကြုံတွေ့ရင်ဆိုင်ကြရလေ့ ရှိပါတယ်။
ချစ်မှုရေးရာ နှင့် ….အိမ်ထောင်ရေးကဏ္ဍ
ဒီအကြွင်းဖွားတွေဟာ …. ချစ်မှုရေးရာ နယ်ပယ်မှာ လည်း … အထင်ကြီးလေးစား စိတ် ကို အခြေခံ တတ်ကြလေ့ ရှိပါတယ်။ ကိုယ်မြတ်နိုးတဲ့သူ ရဲ့ အထင်ကြီးစရာ ၊ လေးစားစရာ အချက်တစ်ချက်ချက်ကို မူတည်ပြီး… တစ်စိမ့်စိမ့်မြတ်နိုးတွယ်တာ တတ်သူတွေလည်း ဖြစ်ပါတယ်။ အမှန်ပြောရရင်တော့ သူတို့ရဲ့ မေတ္တာရေး / ချစ်မှုရေးရာကဏ္ဍ တွေနဲ့ အိမ်ထောင်ရေး ကဏ္ဍတွေကို အဓိက ထောက်တည်ထားတဲ့ ဒေါက်တိုင်တွေကလည်း ..ယုံကြည်မှု နဲ့ လေးစားမြတ်နိုးစိတ် များပဲ ဖြစ်ပါ လိမ့်မယ်။ အဆိုပါ ဒေါက်တိုင်များ ယိုင်နဲ့သွားပြီ ဆိုတာနဲ့ ..သူတို့ရဲ့ ချစ်မှုရေးရာ ..အိမ်ထောင်ရေးရာ ကဏ္ဍတွေဟာလည်း ..ယိုင်နဲ့အက်ကြောင်းထလာတော့တာပါပဲ။
ဒီအကြွင်းဖွားတွေဟာ …မေတ္တာရေး ၊ အိမ်ထောင်ရေး စတာတွေမှာလည်း …ပထမ ဖြစ်ရခြင်း ကို မြတ်နိုး တန်ဖိုးထားတတ်ကြသူတွေ ဖြစ်ပါတယ်။ အချစ်ဦးဖြစ်ခွင့်ရတာ ၊ အဦးဆုံး နမ်းရှိုက်ခွင့်ရတာ ၊ စသည်ဖြင့် …….. တန်ဖိုး အလွန်ထားတတ်ကြသူများပဲ ဖြစ်ပါတယ်။ တွယ်တာစရာ တစ်ခုခုကိုတွေ့ပြီ ဆိုတာနဲ့ …အခွင့်သာ သမျှ ကိုယ့်ရဲ့မူပိုင်လို သတ်မှတ်ပြီး ..တန်ဖိုးထားတတ်ကြသူများလည်း ဖြစ်ပါတယ်။
သုံးခုကြွင်း အမျိုးသမီးများ အဖို့ …၊ ထက်မြက်သော ခင်ပွန်းမျိုး ၊ အောင်မြင်သော အိမ်ထောင်ဖက်မျိုး နဲ့ ဆုံးဆည်းကံ ပါလာတယ်လို့ ယျေဘုယျအဆင့် ဟောဆိုနိုင်ပါတယ်။ အထူးသဖြင့် …ထိုကံတရားဟာ . သုံးခုကြွင်းဖွား ဖြစ်ပြီး အင်္ဂါ ၊ ဗုဒ္ဓဟူး နေ့ဖွား အမျိုးသမီး ဇာတာရှင်များ အတွက် ပိုမိုသေချာ ခိုင်မာစွာ ရရှိနိုင်ပါလိမ့်မယ်။ အမည်မှည့်ခေါ်ပုံ မှန်ကန်ညီညွတ်မှု ရှိသော သုံးခုကြွင်း မိန်းကလေး ဇာတာရှင်များ ကို မင်းကတော် စိုးကတော် ဖြစ်ထိုက်သော ကံရှိသူများ လို့ ဆိုနိုင်ပါတယ်။
ကျန်းမာရေး နှင့် အသက်ဇီဝ ..
သုံးခုကြွင်းဖွား များဟာ ကျန်းမာရေးဆိုင်ရာ မှာလည်း …အလွန်တိကျသော ကိုယ်ပိုင်ယူဆချက်များ ရှိနေ တတ်ကြပါတယ်။ ဘယ်အရာကို မစားဘူးလို့ ယူဆထားရင် လုံးဝ မစားပဲ နေတတ်ပြီး ၊ ဘယ်အရာကို စားလို့ အကျိုးရှိမယ်လို့ သတ်မှတ်ထားရင်လည်း ထိုယူဆချက်ကိုပဲ ဆုပ်ကိုင်မြဲမြံထားတတ်လေ့ ရှိကြပါတယ်။
ထိုနည်းတူစွာပဲ မိမိ ကောင်း၏ တော်၏ ဟု သတ်မှတ်အထင်ကြီးထားသော …ဆရာဝန် သို့မဟုတ် ဆေးဝါး တို့ကို သာ သုံးစွဲလေ့ရှိကြသူများ ပါပဲ။
သုံးခုကြွင်းဖွားတွေ ရဲ့ အသက်အန္တရာယ်ကို အဓိက ပြုတတ်သော အချက်နှစ်ချက် ရှိပါတယ်။ တစ်ခုက … လမ်းခရီးသွားလာစဉ် အန္တရာယ် ဖြစ်တတ်ခြင်း ပါပဲ။ အခြားတစ်ချက်ကတော့ …အဆီအဆိမ့် အချိုများ စားသုံးခြင်း ဖြစ်ပါတယ်။ ငွေထည် ပစ္စည်းများ နဲ့ နီးကပ်စွာ နေထိုင်ခြင်း၊ ၀တ်ဆင်အသုံးပြုခြင်းများ က …သုံးခုကြွင်းဖွားတွေရဲ့ သက်တမ်း နဲ့ ရှင်သန်မှုကို အနှောက်အယှက် ပြုနိုင်တာကိုလည်း တွေ့ရှိရပါတယ်။ တနည်းအားဖြင့် ငွေသတ္ထု ဟာ သုံးခုကြွင်းဖွားတွေကို … သက်တမ်းဆုတ်ယုတ်အားနဲ စေနိုင်ပါတယ်
ကျန်းမာရေး ကဏ္ဍတွေမှာ ခက်တာတစ်ခုက ..သုံးခုကြွင်းဖွားများဟာ ဆရာဝန်ညွှန်သမျှ ဆေး အကုန်အပြည့်အစုံ သောက်သုံးလေ့မရှိပဲ ..၊ မိမိကောင်းမယ် သင့်မယ် ထင်သော ဆေးကိုသာ သောက်သုံးတတ်ခြင်းပဲ ဖြစ်ပါတယ်။
သုံးခုကြွင်းဖွားများကို ကျန်းမာရေး တိုးတက်ကောင်းမွန်စေသော … အဓိက အချင်းအရာ ကတော့ နေရောင်ခြည်ပဲ ဖြစ်ပြီး ၊ မိမိတို့နေထိုင်ရာ အခန်း ၊အိမ် စသည်တို့ကို နေရောင်ခြည် ၇၀% ခန့် အလင်းရောင် သက်ရောက်မှု ရှိနေသင့်ပါတယ်။
အခြားသော အချင်းအရာများ ……..
သုံးခုကြွင်းဖွားများ ရဲ့ မူလစွမ်းရည်တစ်မျိုး ကတော့ …အလွန်သီးခံနိုင်သော အစွမ်းပါပဲ။ အမြဲတမ်း ရန်လိုနေတတ်သောသုံးခုကြွင်း ဇာတာရှင်အချို့မှာတောင် ..သူတို့ စိတ်ရှည် သီးခံနိုင်သော နေရာမျိုးတွေမှာတော့ …သူမတူအောင် သီးခံစိတ်ရှည်နိုင်ကြတာကို တွေ့ရှိရပါတယ်။ အကြွင်းဖွား အားလုံးထဲမှာ ဇွဲအကောင်းဆုံး အကြွင်းဖွား ဟာ ….သုံးခုကြွင်းဖွားတွေ ပါပဲ။
မလျော့တမ်းစိတ်နဲ့ ဘယ်လောက်ကြာကြာ အနိုင်တိုက်မယ် ဆိုတဲ့ စိတ်သဘာဝ အခြေခံမျိုးရှိကြပြီး ၊ သူတို့ရဲ့ ကံပေးလက်နက်ကလည်း ဇွဲသတ္တိပဲ ဖြစ်ပါတယ်။ ထိုဇွဲသတ္တိကိုမှ ထုတ်သုံးရကောင်းမှန်း မသိခဲ့သော သုံးခုကြွင်းဖွားဟာ …ဘ၀ကို လက်နက်မပါပဲ တိုက်ပွဲဆင်နေတာနဲ့ အတူတူပါပဲ။
သုံးခုကြွင်းဖွားတွေဟာ …မိမိတို့ကို ပြစ်တင်ကဲ့ရဲ့လာခြင်းကို ..တစ်ခြားသူများထက် ပိုမို ရွံမုန်းလေ့ရှိတတ်ကြပါတယ်။ သုံးကြွင်းဖွားတွေဟာ … အသိမှတ်ပြုခံလိုစိတ်လည်း အပြည့်အ၀ ရှိကြတာမို့ ..သူတို့ကို မသိကျိုးကျွံ ပြုတာ ခံရတာလောက် …အနေရဆိုးတာ မရှိပါဘူး။ ဒီအသိမှတ်ပြု ခံလိုစိတ်ကြောင့်ပဲ ….တစ်ခါတစ်လေမှာ …သူတို့ကို ထုတ်ကြွားတတ်သူ..၊ ကိုယ့်ကိုယ်ဖော်ညွှန်းလိုမှု များသူ ၊ ကိုယ့်ဂုဏ်ကိုယ်ဖော်သူ အဖြစ် …တစ်ခြားသူတွေက အမြင်ကပ်ခြင်းကို ခံရလေ့ရှိကြပါတယ်။
နေလ နှစ်ပါး တောက်ပ သော သုံးခုကြွင်းဖွားတွေဟာ ….. အလင်းရောင်ဇာတာရှင်များ လို့တောင် ခေါ်ဆိုနိုင်ပါတယ်။ အမိအဖတို့ကို လုပ်ကိုင်ကျွေးမွေး ကျေးဇူးဆပ်ခွင့်ကိုလည်း အခြားအကြွင်းဖွားများထက် ပိုမိုရရှိတတ်သူများ ပါပဲ။ အကြီးအကဲ ကံ ကောင်းခြင်း၊ မိကြီးဖကြီး ဆရာသမား တို့မှ စောင့်ရှောက်မှုကို ခံယူရတတ်ခြင်း စသဖြင့် သော ကံအကျိုးပေး ကောင်း ရှိကြသည့် သူများ ဖြစ်ပါတယ်။
တစ်ကယ်လို့သင်ဟာ ……
(၁) သင်ကိုယ်တိုင် သုံးခုကြွင်းဖွား တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင်………
ဇွဲသတ္တိ နဲ့ စိတ်ရှည်သီးခံနိုင်ခြင်းကို အစဉ်ထာဝရ ဆောင်ထားပါ။ အရေးကြီးသော ဆုံးဖြတ်ချက်တိုင်းကို နံနက်နေထွက်ချိန်များမှာ ဆုံးဖြတ်ပါ။
(၂) သင့်ချစ်သူက သုံးခုကြွင်းဖွား ဖြစ်ခဲ့မယ်ဆိုရင် ……….
ကိုယ့်ကို .. အထင်မသေးမိအောင် ဂရုစိုက်ပါ။ သူ့ဆီက ကိုယ့်အပေါ် ယုံကြည်မှုကို .. တိုးသည်ထက် တိုးလာအောင်သာ ကြိုးစားပါ။ အစစ အစဉ်ပြေပါလိမ့်မယ်။
(၃) သင့် အလုပ်ရှင်က သုံးခုကြွင်းဖွား ဖြစ်ခဲ့မယ် ဆိုရင် ….
သင့်အလုပ်ရှင်ရဲ့ ယုံကြည်စိတ်ချမှု ကို ရယူနိင်အောင် ကြိုးစားပါ။ ဆရာ ..ဒီနေ့ ..၀တ်လာတာ အတော် အချိုးကျပါလား ၊ ဆရာ လုပ်တာ တော်တော်လမ်းကျတယ် ..စသည်ဖြင့် အမှန်တစ်ကယ် ဖြစ်နေသော အကြောင်းအရာတို့ကို ပေါ်လွင်အောင် ထုတ်ဖော်ပြောဆို ပေးပါ။ ဖားရာ မရောက်ပါစေနဲ့။ အမှန်အတိုင်းထုတ်ဖော်ပြောဆို အသိမှတ်ပြုပေးခြင်း မျိုး မကြာမကြာ ပြုပေးသင့်ပါတယ်။
(၄) သင့် အလုပ်သမားက သုံးကြွင်းဖွား ဖြစ်ခဲ့မယ်ဆိုရင် ….
ဒီနေရာတော့ မင်းလုပ်တာ အတော်ကောင်းသဟေ့ ။ ဒီအဖွဲ့ထဲမှာ ဘယ်အရာကိုဖြင့် မင်းသာလျှင် အကောင်းဆုံးလုပ်နိုင်တာပဲ ၊ ..စသဖြင့် ထုတ်ဖော်ချီးကျူးပေးလိုက်ပါ။ ဒါဆိုရင် ကိုယ့်အလုပ်သမား သုံးကြွင်းဖွားက ကိုယ်ပေးတဲ့တာဝန်ကို (ဓါးတောင်ကျော်၊ မီးပင်လယ်ဖြတ်ရပါစေ ..) ထမ်းပါလိမ့်မယ်။
(၅) သင့် အိမ်ထောင်ဖက် က သုံးခုကြွင်းဖွား ဖြစ်ခဲ့မယ်ဆိုရင် ……
အမျိုးသား အတွက် .. သုံးခုကြွင်းဖွား ဇနီးမယား ရရှိခဲ့မယ်ဆိုရင်….
စမော ထားဖို့ စိတ်မကူးပါနဲ့။ ကိုယ့်ဇနီးရဲ့ …ကောင်းကွက်ကလေးတွေကို ထုတ်ဖော်ပြောဆိုပေးပါ။ သူစကားပြောလာရင်လည်း ..ကိုယ်က စိတ်မ၀င်စားတောင် ..အသိမှတ်လေးတော့ ပြုပေးပါ။ ဖုတ်လေသည့် ငါးပိ ရှိတယ်လို့မထင်တာမျိုး များများ လုပ်မိရင် ..အခြေအနေ ဆိုးသွားနိုင်ပါတယ်။ ဘာမှ မဟုတ်တာလေးတွေကို …တွက်ကပ် ၊ စိစစ်၊ ပေသီးရိုက် နေတာကြောင့်လည်း …စိတ်မပျက်လိုက်ပါနဲ့။ ကိုယ်က သုံးခုကြွင်းဖွား ဇနီးမယားလေး ယူထားမိတယ်လေ လို့သာ တွေးလိုက်ပါ။
အမျိုးသမီး အတွက် သုံးခုကြွင်းဖွား ခင်ပွန်းယောကျာ်း ရရှိခဲ့မယ်ဆိုရင် …
စမောဘယ်လောက်ထားတဲ့ ယောကျာ်းမျိုးဖြစ်ပါစေ…မိမိကိုတော့ ..ဘယ်သောအခါမှ မပစ်ပယ်နိုင်ဘူး ဆိုတာ သိထားရပါမယ်။ အမျိုးသားက … ဘာဆိုဘာပဲ ၊ ဒါဆို ဒါပဲ သမားမျိုး ဖြစ်တာကြောင့် … သူ့အယူအဆတွေကို ကိုယ်က ပြောင်းပေးနိုင်စွမ်း ရှိမှာမဟုတ်ပါ။ ဒီအချက်ကို ကြိုတင် သဘောပိုက်ထားသင့်ပါတယ်။
(၆) သင့်ရင်သွေး တစ်ဦးဦးက .. သုံးခုကြွင်းဖွား တစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင်တော့…
သူတို့ အဟုတ်ထင်တဲ့သူ ပြောတာမှ နားထောင်မယ့် ကလေးမျိုးတွေ ပါပဲ။ ဒါကြောင့် …စံပြ နမူနာကောင်း ဖြစ်မယ့် ၊ သူတို့လေးစားလောက်မယ့် အချင်းအရာမျိုးတွေနဲ့သာ သူတို့ကို အုပ်ချုပ်လို့ ရပါမယ်။ အလွန်ဇွဲကောင်းတဲ့ ရွတ်တွတ်တွတ် ကလေးလေးတွေပါ။ ဆိုးတာပဲ ဖြစ်ဖြစ် ကောင်းတာပဲဖြစ်ဖြစ် …အရောင်စွဲမိသွားရင် ချွတ်ရမလွယ်တော့တဲ့ ကလေး သူငယ်မျိုးတွေ ဖြစ်တာမို့………… စကတည်းက အရောင်ဆိုးတွေ မစွဲမိအောင် ထိမ်းသိမ်း ပေးနိုင်မယ် ဆိုရင် အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။
ကဲ….သုံးခုကြွင်းဖွား ….ဇာတာရှင်များအတွက် …ဒီလောက်နဲ့ပဲ နိဂုံးချုပ်ကြပါစို့။
အားလုံးပဲ ချမ်းမြေ့ကြပါစေ။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
01 618 469