Quantcast
Channel: မြန်မာ့ရိုးရာဗေဒင်
Viewing all articles
Browse latest Browse all 50

လေးကြွင်းဖွားတို့အကြောင်း …

$
0
0

မိမိရဲ့ မြန်မာမွေးခုနှစ် သက္ကရာဇ်ကိုတည် …ခုနှစ်ဖြင့်စား ..။ ကြွင်းတဲ့အကြွင်းက ... ၄ … ဖြစ်ခဲ့မယ် ဆိုရင် …သင့်ကို လေးခုကြွင်းဖွားလို့ ဆိုနိုင်ပါတယ်။ လေးခုကြွင်းဖွား တို့ အကြောင်း လေ့လာကြည့်ကြပါစို့……။


လေးခုကြွင်း  မဟာဘုတ်ဇာတာ

   အဓိပတိ
       

   အထွန်း
     
    သိုက်
       
      ရာဇ
      
    မရဏ
     
      ဘင်္ဂ
      
      ပုတိ
      

လေးခုကြွင်း   မဟာဘုတ်ဇာတာ ဖွား တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ………….
( မိမိ မူလ မြန်မာမွေးခုနှစ်ကို ခုနှစ်ဖြင့်စား  အကြွင်း လေး ဖြစ်သော ဇာတာရှင်များအားလုံး အတွက်)

မူလသဘာဝ …

ဘ၀မှာ ..     …. လွတ်လပ်မှုကို တန်ဖိုးထား အမြတ်နိုးဆုံး အကြွင်းဖွား တွေကိုပြပါဆိုရင် .လေးခုကြွင်းဖွားတွေကို ပြရမှာပဲ ဖြစ်ပါတယ်။ အလှအပ နဲ့  စိတ်ကြည်လင်ချမ်းမြေ့စရာတွေ နောက် ..ကောက်ကောက် ပါအောင် လိုက်ပါလိုသော စိတ်သဘာဝ ရှိကြသူများ ဟာလည်း လေးခုကြွင်းဖွားတွေပဲ ဖြစ်ပါတယ်။ ချုပ်ခြယ်မှုခံရမှာ ၊ စိတ်ဖိစီးမှုခံရမှာတွေကို တစ်ခြား အကြွင်းဖွားတွေထက် ပိုမိုကြောက်ရွံ့တတ်ပြီး ..မျက်နှာလွှဲ ကျောခိုင်းထားလေ့ရှိ တတ်ကြ သူမျးလည်း ဖြစ်ပါတယ်။

လေးခုကြွင်းဖွားတွေဟာ …ဘ၀မှာ …မိခင် ၊ အစ်မ ၊ အဖွား ၊ အဒေါ် စတဲ့ အမျိုးသမီးအကြီးအကဲတွေ အပေါ် ပိုမိုတွယ်တာ တတ်လေ့ရှိကြပြီး ၊ မိသားစု နဲ့ သူတို့ချစ်ခင်တွယ်တာမိသူတွေအပေါ်မှာလည်း အလေးထား မြတ်နိုးတတ်သူတွေပါ။

အားနဲချက်တစ်ခုကတော့… စိတ်မပြတ်သားမှု နဲ့ ..အစဉ်အမြဲ ဒွိဟများနေရတတ်မှုတို့ပဲ ဖြစ်ပါတယ်။ အကြောင်းအရာ ကဏ္ဍများစွာမှာ  မြွေမသေတုတ်မကျိုး လုပ်ကိုင်ထားတတ်သူများ ဟာလည်း လေးခုကြွင်းဖွားတွေပါပဲ။

လေးခုကြွင်းဖွားတွေဟာ ဆရာသမားတွေ၊ ပညာရပ်တွေနဲ့ ပတ်သက်လာရင် နှမြောတွန့်တို တတ်ကြ သူများလည်း ဖြစ်ပါတယ်။ ကြွယ်ဝချမ်းသာ လာရင်လည်း …တစ်ကယ်ချမ်းသာသလောက်ကို သူများ အသိမခံချင်ကြပါဘူး။ ဖုံးထားကွယ်ထား တတ်လေ့ ရှိကြပါတယ်။ သူတို့က  ပညာရပ်အမျိုးမျိုးကို စုဆောင်း သိုမှီးထားရတာကို ၀ါသနာထုံတတ်ကြသလို …သူတို့တွေအတတ်ပညာ သင်ကြားရာ မှာလည်း တစ်စ တစ်စ ပွားယူတဲ့နည်းနဲ့ သင်ယူဆည်းပူးလေ့ ရှိတတ်ကြပါတယ်။

လေးခုကြွင်းဖွားများဟာ …ရေမှာပျော်ရွှင်ရခြင်း၊ ရေနှင့်နီးစပ်သော နေရာဌာနများမှာ နေထိုင်ရခြင်း … ပျော်ပါးရခြင်း ၊ ယာဉ်ကားများကို မြတ်နိုးတတ်ခြင်း၊ ခရီးသွားလာလှုပ်ရှားနေရခြင်းကို သာယာပျော်မွေ့နေတတ်ခြင်း ၊ အနုပညာကဏ္ဍများ နဲ့ ဓါတ်ပုံရိုက်ကူးခြင်း၊ ရုပ်သံ ဗွီဒီယို ရိုက်ကူးခြင်း များကို နှစ်လိုနေတတ်ခြင်း …ရှိကြသူများလည်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် .. ဓါတ်ပုံရိုက်မယ်ဟေ့ ဆိုရင် ရှေ့ဆုံးက ထွက်လာတတ်တာ လေးခုကြွင်းဖွားတွေပါပဲ။

ဘ၀ဖြတ်သန်းပုံ နှင့် ကံဇာတာအနေအထား ….

လေးခုကြွင်းဖွားများအတွက် … အင်္ဂါဂြိုဟ်အိပ်ချိန်များနဲ့ စနေဂြိုဟ်အိပ်ချိန်ကာလများဟာ …စိတ် အပင်ပန်းဆုံးပဲ ဖြစ်ကြပါလိမ့်မယ်။ ဘ၀မှာ သူတို့တွေ အမြတ်တနိုးတန်ဖိုးထားတဲ့ လွတ်လပ်ပျော်ရွှင် ရမှုများ ..ပျောက်ဆုံးကုန်နိုင်သော ဆယ်နှစ်တာ စနေဂြိုဟ်အိပ်ကာလဟာ သူတို့တစ်တွေကို ပင်ပန်းစွာ ဖြတ်သန်းရစေပါတယ်။ အဲဒီ့လိုပါပဲ အင်္ဂါဂြိုဟ်အိပ်ကာလ ဟာလည်း …ဘ၀မှာ အပြင်းထန်ဆုံး လောကဓံအချို့ရဲ့ ရိုက်ခံမှုကို ခံစားရလေ့ ရှိတတ်ကြတာကို တွေ့ရှိရပါတယ်။  ဆန့်ကျင်ဘက်အနေနဲ့ ကြာသာပတေးဂြိုဟ်အိပ် ကာလများကတော့ ….သူတို့တွေကို ..စိတ်ချမ်းသာပျော်ရွှင်ရမှုများ ၊ ခရီးယာယီများစွာ သွားလာရခြင်းများ နဲ့ …မိသားစုချစ်ခြင်းကမ္ဘာထဲမှာ သာယာပျော်မွေ့စွာ နေထိုင်ရခြင်းများ ပေးစွမ်းတတ်လေ့ရှိပါတယ်။

လေးခုကြွင်းဖွားတွေဟာ ..အလေးအနက်ထားနိုင်စွမ်းနဲပါးကြသလို ..ဘာကို ပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးနဲ့သာ ရင်ဆိုင်ဖြေရှင်းလိုတဲ့အတွက် ..အခြားသူများက သူတို့ကို ..တာဝန် မကြေသူ၊ အလေးအနက်မထားသူ ၊ ပေါ့ပေါ့နေ ပေါ့ပေါ့စား စသည်ဖြင့် အမျိုးမျိုး အထင်လွဲ တတ်ကြပါတယ်။ တစ်ကယ်တော့ …လေးခုကြွင်းဖွားတွေရဲ့ စိတ်ကကို …လွတ်လပ်ပေါ့ပါးပြီး အေးချမ်းမှု ကို ရှေးရှုနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ချုပ်နှောင်မှု တွေ ..၊ တားဆီး ပိတ်ပင်ခံရခြင်းတွေ၊ ဒုက္ခတွေ၊ အနိဌာရုံတွေဟာ သူတို့တွေအတွက် … တော့ ရှောင်ခွာ ထွက်ပြေးရမယ့် ကဏ္ဍတွေဖြစ်လာကြပါတယ်။

ဘ၀ကို ပျော်ပျော်နေပြီး ပျော်ပျော်ပဲ သေလို တဲ့ စိတ်အခြေခံရှိကြတာမို့ ….ဂိမ်းတွေ၊ ကစားပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ ကလည်း သူတို့အတွက် အရေးပါတဲ့ အခန်း ကဏ္ဍတွေ ဖြစ်လာကြပါတယ်။ ထူးဆန်းတာ တစ်ခုကတော့ လေးခုကြွင်းဖွားတိုင်းဟာ စုဆောင်း သိုမှီးလိုသော စိတ်သဘာဝအခြေခံလည်း ရှိနေကြပါတယ်။ တစ်ခုမဟုတ် တစ်ခု …စုဆောင်းသိုမှီးဖို့ ၊ သင်ယူလေ့လာဖို့ အမြဲ ကြိုးစားနေတတ်ကြသူများ ပါပဲ။

ဒါကြောင့်လည်း  … အသက်မွေးမှု လုပ်ငန်းများလုပ်ကိုင်ရာမှာ ကုန်သိုလှောင်မှု ဆိုင်ရာ လုပ်ငန်း နယ်ပယ်များ နဲ့ ပတ်သက်လာလေ့ရှိကြပါတယ်။ အချို့သော ..လေးခုကြွင်းဖွားများကတော့ ..ရေလုပ်ငန်း၊ ခရီးသွားလုပ်ငန်းများ ၊ ယာဉ်ကားများနှင့် သက်ဆိုင်သော လုပ်ငန်းများ ၊ ကွန်ပြူတာ နယ်ပယ်။ သင်ကြားရေးဆိုင်ရာလုပ်ငန်းများ ၊ ကလေးသုံးပစ္စည်း ဆိုင်ရာလုပ်ငန်းများ ၊ အလှအပ နှင့် ဆိုင်သော လုပ်ငန်းများ ၊ မိတ္တူကူးဆိုင်၊ ရုပ်ရှင် နှင့် အနုပညာနယ်ပယ် ဆိုင်ရာလုပ်ငန်းများ ၊ ဓါတ်ပုံရိုက်ကူးရေး ..စသဖြင့် နယ်ပယ်အသီးသီးမှာ ကျင်လည်ကျက်စား လာကြပါတယ်။

ချစ်မှုရေးရာ နှင့် ….အိမ်ထောင်ရေးကဏ္ဍ

ဒီအကြွင်းဖွားတွေဟာ …. ချစ်မှုရေးရာ နယ်ပယ်မှာ လှေနံနှစ်ဖက် သို့တည်းမဟုတ် နှစ်ဖက်မက နင်းရလောက်အောင် ဗျာများစရာတွေ ကြုံရတတ်သလို ၊ စိတ်ဒွိဟဖြစ်စရာ အခြေအနေတွေကလည်း … ပါဝင်လာတတ်စမြဲဖြစ်ပါတယ်။ ပျော်ရွှင်သာယာ ကြည်နူးစရာတွေ နောက်ကို ကောက်ကောက် ပါအောင် လိုက်ပါလိုတဲ့ စိတ်သဏ္ဍန် ရှိတာကြောင့် ချစ်မေတ္တာရေးမှာလည်း စိတ်ဆင်းရဲစရာ ၊ စိတ်နှလုံး မသာယာစရာတွေ အရမ်းများလာခဲ့ပြီဆိုရင် .. .. ခိုင်မြဲမှုကလည်း ယိုယွင်း လာတတ်ကြပါတယ်။ သစ္စာရှိလို့ မရှိလို့ ဆိုတာထက် …စိတ်ညစ်ညူးမှုဒဏ်ကို တစ်ခြား အကြွင်းဖွားတွေလောက် ခံနိုင်ရည်စွမ်း မရှိတာကြောင့် …စိတ်မချမ်းမြေ့မယ့် ရပ်ဝန်းဒေသကနေ အဝေးဆုံးကို ထွက်ပြေး မိကြခြင်းမျိုး ဖြစ်လာတတ်ကြပါတယ်။ ဒါကြောင့် လေးခုကြွင်းဖွားများကို ချစ်သူအနေနဲ့ပဲ ဖြစ်ဖြစ် ၊ ဘ၀ လက်တွဲဖော် အနေအထားနဲ့ပဲ ဖြစ်ဖြစ်၊  လက်တွဲဖို့ စဉ်းစားထားပြီဆိုရင် ….သူတို့ကို ဘယ် အတိုင်းအတာ ထိ စိတ်ချမ်းသာအောင် ထားနိုင်မလဲ ဆိုတာ ကိုသာ ရှေ့တန်းတင် တွေးထား သင့်ပါတယ်။ စိတ်ချမ်းသာအောင် မထားနိုင်ခဲ့ရင်တော့ စလယ်ဝင် ဖင်မမဲခင် ခွာပြဲဖို့ပြင် ထားပေတော့လို့ ဆိုရမလောက်ပါပဲ။  

ကျန်းမာရေး နှင့် အသက်ဇီဝ ..

လေးခုကြွင်းဖွားတွေရဲ့ အသက်ဇီဝ နဲ့ သက်တမ်းကို အဓိက ဖျက်ဆီးနိုင်တာကတော့ စနေဂြိုဟ်ဖြစ်တာကို တွေ့ရပါတယ်။ ဒါကြောင့် …မိမိနေထိုင်ရာ အရပ်ဒေသမှ အနောက်တောင် အရပ်ကို ရွှေ့ပြောင်းမိရာမှ ကျန်းမာရေးဆုတ်ယုတ်လာခြင်းမျိုး ကြုံရတတ်သလို …၊ အနက်ရောင်များ ၊ စိတ်ဖိစီးမှုများ ၊ ရှောင်တိမ်းမရသော လေးလံတာဝန်များ၊ အတင်းအကျပ် ပြုမူခံရခြင်းများ ဟာလည်း ကျန်းမာရေးကို ဖဲ့ခြွေ ချေမှုန်းမယ့် အဓိကအကြောင်းအရာတွေ ဖြစ်လာကြပါတယ်။

စိတ်ထောင်းလို့ကိုယ်ကြေ  ဆိုသလို ..စိတ်ဖိစီးမှုဒဏ်ဟာ လေးခုကြွင်းဖွားတွေရဲ့ ကျန်းမာရေးကို အဓိက ဖဲ့ခြွေတိုက်စားနိုင်သော အချင်းအရာတစ်ရပ် ပဲ ဖြစ်ပါတယ်။ အခြားအားဖြင့်ကတော့ … သည်းခြေအားနဲမှု ကြောင့် ဖြစ်ပွားသော ရောဂါဥပါဒ်များ ၊ အချိန်ကာလ ကြာမြင့်စွာ ကုစားရသော ဝေဒနာများ ၊ လေးဘက်နာ နဲ့ အတိတ် ကာလက ဖြစ်ပွားခဲ့ဖူးသော ရောဂါဟောင်းများ ကြောင့် အသက်ရှင်သန်ရေးကို ထိခိုက်စေနိုင်တာကို တွေ့ရှိရပါတယ်။ အချို့သော …လေးခုကြွင်းဖွားများမှာ သွား ရောဂါ ဝေဒနာ ပြင်းပြင်းထန်ထန် ကျရောက်တတ်တာ ကိုလည်း တွေ့ရှိရပါတယ်။ မြို့ပြယဉ်ကျေးမှုစနစ်မှာ …အောက်ခြေမြေညီ ထပ်တွေ၊ အောက်ဆုံး ထပ်တွေမှာ နေထိုင်ခြင်း ထက် ..၊ အပေါ်ဆုံးထပ် သို့မဟုတ် ..အမြင့်ပိုင်းတွေမှာ နေထိုင်ခြင်းများဟာ လေးခုကြွင်းဖွားတွေရဲ့ ကျန်းမာရေးနဲ့ ကိုက်ညီမှု ရှိနိုင်ပါ လိမ့်မယ်။ ထို့နည်းတူပဲ ..မြေပြန့်ဒေသ နဲ့မြေနိမ့်လွင်ပြင်ဒေသတွေမှာ နေထိုင်ခြင်းထက် ..တောင်တန်းဒေသ နဲ့ အမြင့်ပိုင်းအရပ်ဒေသ တွေဟာ လေးခုကြွင်းဖွားတွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုပါလိမ့်မယ်။
အခြားသော အချင်းအရာများ …….. 

လေးခုကြွင်းဖွားများဟာ ရန်သူကို အနိုင်တိုက်ခိုက်ရာမှာ လက်ဦးအောင် စတင် ရန်စ စစ်ထိုးတဲ့ နည်းကို သုံးလေ့ရှိတတ်ကြပါတယ်။ အချုပ်အခြယ် ခံရခြင်းကို မုန်းတီးကြသလောက် ..လွတ်လပ်စွာနေထိုင်ရခြင်းကိုလည်း မြတ်နိုးတန်ဖိုးထားတတ်ကြသူတွေ ဖြစ်ပါတယ်။ လေးခုကြွင်းဖွားများ  အဖို့ …ဥယျာဉ်ခြံလုပ်ငန်းများ ၊ ဘဏ်လုပ်ငန်းများ၊ ဇိမ်ခံပစ္စည်းထုတ်လုပ်ရောင်းချခြင်း ဆိုင်ရာ လုပ်ငန်းများ ..ဟာ  အကျိုးစီးပွားဖြစ်လွယ်တယ်လို့ ယျေဘုယျ ဆိုနိုင်ပါလိမ့်မယ်။ စက်မှု လုပ်ငန်းများ နဲ့ …မီးကို အသုံးပြုရသော လုပ်ငန်းနယ်ပယ်များ မှာ အောင်မြင်မှုရရှိနိုင်သလို …အလုပ် သမားများ နဲ့ အောက်လက်ငယ်သား ကံမှာတော့ အားနဲတတ်ကြပါတယ်။ လေးခုကြွင်းဖွား များဟာ သားသမီးကံ အားနဲကြပါတယ်။ သားသမီး နဲ့ပတ်သက်လို့ စိတ်တိုင်းကျရမှု နဲပါးတတ်ကြပြီး၊ ဘ၀မှာ သားသမီးမြေးမြစ်ဆိုင်ရာ သောက ပူပန်မှု ရှိတတ်ကြသူများပါပဲ။

လေးခုကြွင်းဖွားတွေရဲ့ အကောင်းဆုံး စွမ်းရည်တွေကတော့ …. ၊ အကောင်းဆုံး အုပ်ချုပ်နိုင်ခြင်း ၊ ခေါင်းဆောင်နေရာမှ အရည်အသွေးပြည့် လှုပ်ရှားလုပ်ဆောင်နိုင်ခြင်း ၊ ပထမဆုံး စူးစမ်းရှာဖွေ နိုင်ခြင်း  ၊ တီထွင်ဆန်းသစ် လမ်းစ အစအပျိုးနိုင်ခြင်းများ ပဲ ဖြစ်ပါတယ်။ ခက်တာက သည် စွမ်းရည်တွေကို ထိထိမိမိ အသုံးချနိုင်စွမ်း ရှိဖို့လိုအပ်တာပါပဲ။ တစ်ချို့ဆို မိမိမှာ သည်စွမ်းရည်မျိုး ရှိလို့ ရှိမှန်းတောင် မသိကြပဲ ဇဝေဇ၀ါနဲ့ပဲ ရပ်တည်နေတတ်ကြပါတယ်။ အကျဉ်း အကျပ်ကြုံ ချိန်မျိုးလောက် မှသာ …စွမ်းရည်က အလိုလို ပေါ်ပေါက်လာတာမျိုးသာ အများဆုံးတွေ့ရှိရပါတယ်။ ….

တစ်ကယ်လို့သင်ဟာ ……

(၁) သင်ကိုယ်တိုင် လေးခုကြွင်းဖွား တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင်………

ရေနဲ့ နီးစပ်သော နေရာဒေသများမှာ အခြေချနေထိုင်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ကိုယ့်ကိုယ်ကို ချောင်ပိတ်မိစေမယ့် ကဏ္ဍမှန်သမျှကို တင်ကြိုရှောင်ရှားနိုင်ဖို့ လိုပါတယ်။ တနင်္လာနေ့တွေဟာ …..အများအားဖြင့် ကံကောင်းမှုတွေကို သယ်ဆောင်လာမယ့် နေ့တွေဖြစ်ပါတယ်။

(၂) သင့်ချစ်သူက  လေးခုကြွင်းဖွား  ဖြစ်ခဲ့မယ်ဆိုရင် ……….
ပျော်သလိုနေပါကွယ် …ဆိုတဲ့ သီချင်းလေးသာ အမြဲသီဆိုပြီး ..ချစ်တဲ့သူကို စိတ်ချမ်းသာအောင် ထားပေတော့ ။  အခါအားလျော်စွာ …ပျော်ပွဲရွှင်ပွဲတွေ ၊ ဘာပွဲ ညာပွဲတွေ တက်ရောက် နိုင်အောင် ပြင်ထားပါ။  ..ကင်မရာကောင်းကောင်းတစ်လုံး ၀ယ်ပြီး ချစ်သူကို ခရီးများများ လိုက်ပို့ပေး နိုင်မယ် ဆိုရင်တော့ …..အမှတ်တစ်ရာ ရပြီ ကိုယ့်ဆရာတို့ရေ..။

(၃) သင့် အလုပ်ရှင်က လေးခုကြွင်းဖွား ဖြစ်ခဲ့မယ် ဆိုရင် ….

သင့်အလုပ်ရှင်ရဲ့ တော်ကြာတစ်မျိုး ၊ ခုတစ်မျိုး  သဘာဝကို ကြိုတင်သဘောပေါက်ထားဖို့ လိုပါလိမ့်မယ်။ သင့်အလုပ်ရှင်ဆီက အခွင့်အလမ်း တစ်စုံတစ်ရာ တောင်းဆိုမယ်ဆိုရင် သူပျော်အောင် ရယ်မောနေအောင် တစ်ခုခုအရင် ကြိုးစားလိုက်ပါ။ ပြီးရင် ချက်ချင်းတောင်းဆိုပါ။ ပေးမယ် လို့ပြောပြီး စိတ်မပြောင်းသွားသေးခင်မှာ အကောင်အထည်ဖော်ပါ။  

(၄) သင့် အလုပ်သမားက လေးခုကြွင်းဖွား   ဖြစ်ခဲ့မယ်ဆိုရင် ….

အလုပ်တွေ တာဝန်တွေ အများကြီးမပေးပါနဲ့။ ဖြစ်နိုင်သမျှ သွားလာလှုပ်ရှားမှု ရှိနေမယ့် နေရာတွေမှာပဲ သူတို့ကို အသုံးပြုခြင်း အလုပ်ပေးခြင်း ဖြစ်စေသင့်ပါတယ်။ အလွန်အကြူး မဆူပါနဲ့။ ချောင်ပိတ်ပြီး ငေါက်ငမ်းပြစ်တင် လိုက်မယ်ဆိုရင် အလုပ်က သေချာပေါက်နှုတ်ထွက်ခြင်း ၊ ထွက်ပြေးခြင်း ပြုသွားပါလိမ့်မယ်။

(၅) သင့် အိမ်ထောင်ဖက် က လေးခုကြွင်းဖွား  ဖြစ်ခဲ့မယ်ဆိုရင် ……
အမျိုးသား အတွက် .. လေးခုကြွင်းဖွား  ဇနီးမယား  ရရှိခဲ့မယ်ဆိုရင်….
စိတ်တိုစရာတွေ့တောင် …. ပြုံးပြုံးလေးနဲ့ ဆုံးမပြုပြင်ပါ။ ဇနီးသည်ကို မကြာခဏ သွားလေရာခေါ် သွားပါ။ ဖြစ်နိုင်ရင် ခရီးထွက်ပေးပါ။ ပျားရည်ဆမ်းတွေ၊ ဘာရတု ညာရတုတွေလည်း အခါ အားလျော်စွာ လုပ်ပေးပါ။ ဘာမှလုပ်စရာမရှိရင်တောင်… အိမ်ဆေးသုတ် မင်္ဂလာတို့ ..၊ ချစ်သက်တမ်း ရက်တစ်ထောင်ပြည့်တို့ စသည်ဖြင့် ကြံကြံဖန်ဖန် လုပ်ပြီး …အိမ်ထောင်ရေး ကို မျက်နှာသစ်ပေးပါ။ ပွင့်ပွင့်လင်းလင်း မပြောလို့ ဆိုပြီး အပြစ်မတင်လိုက်ပါနဲ့ ။ လေးခုကြွင်းဖွား ဇနီးမျိုးဟာ အခြား မိန်းကလေးတွေထက် ပိုမိုမျိုသိပ်နိုင်စွမ်းရှိတယ် ဆိုတာ မမေ့အပ်ပါကြောင်း။

အမျိုးသမီး အတွက်  လေးခုကြွင်းဖွား  ခင်ပွန်းယောကျာ်း ရရှိခဲ့မယ်ဆိုရင် …
မြွေမသေ တုတ်မကျိုး သမား ကို ယူထားမိပြီဆိုတာ သဘောပေါက်ပါစေ။ ရှင့်အမေ ရှင့်အစ်မ တွေကို ကျွန်မထက် ပိုအလေးထားရသလား ဆိုပြီးလည်း မပေါက်ကွဲမိပါစေနဲ့။ အပျော်ကြိုက်တဲ့ ယောကျာ်းကို ယူထားမိပြီဆိုမှဖြင့် အိမ်မြဲခိုင်းဖို့ ခက်တယ်ဆိုတာ သဘောပေါက်ရပါမယ်။ ဖြစ်နိုင်သမျှ အိမ်မြဲအောင် အိမ်မှာပျော်အောင် ..ကိုယ့်ဘက်ကလည်း အိမ်ပျော်ဆေးလေးတွေ ရှိနေမှ ဖြစ်ပါမယ်။ ဖြစ်နိုင်သမျှ ….မိမိရုပ်ရေကို ကျော့ကျော့မော့မော့ ပြင်ဆင်ပါ။ ပုံတုံးတွေ၊ တစ်ခါလာလည်း သည်ဒီဇိုင်း ဆိုတာမျိုးတွေ လုပ်မိတာများလာရင်တော့ ..ခင်ပွန်းဖြစ်သူ မုန့်စားရင်းလှည်းစီး  သွားနိုင်ပါတယ်။ လှတာလေးမှ လိုချင်တတ်တဲ့ အမျိုးသားမျိုးကို ယူထားမိပြီမို့ …ကိုယ့်ကိုယ်ကိုလည်း အမြဲလှနေနိုင်သမျှ လှနေအောင် ၊ အမြဲသစ်လွင်နေအောင် ကြံဖန်ပြီးလုပ်တတ်ဖို့ လိုသလို..၊ ယောကျာ်းက ကိုယ့်ကိုနဘေးထားပြီး အလှလေးတွေကို မကြာမကြာ ငမ်းမိနေရင်လည်း .. သြော် ..ငါ့ယောကျာ်းက အလှကြိုက်သမားလေးမို့ပါ လို့သာ နှလုံးသွင်းပါ။ အမြဲဗြစ်စိဗြစ်စိ လုပ်မိနေမယ်ဆိုရင်တော့ လင်တော်မောင် အိမ်မကပ် ဆေး ကို ဖော်နေမိပြီသာ အောက်မေ့ပါတော့ ..။

(၆)  သင့်ရင်သွေး တစ်ဦးဦးက .. လေးခုကြွင်းဖွား  တစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင်တော့…
ကျောင်းပျော်မယ့် ကလေးတွေပါ။ ဟဲ့ …ကျောင်းသွားဦးလို့ ငေါက်ပြောစရာ မလိုအောင် …ကောက်ကနဲ ကျောင်းထသွားမယ့် ကလေးငယ်မျိုးတွေ ဖြစ်ပါတယ်။ သင်ရလွယ်ပြီး သင်လိုစိတ်ရှိတဲ့ ကလေး သူငယ်တွေမို့ …၊ ကောင်းတာတွေသာ များများသင်ပြပေးနိုင်ဖို့ ကြိုးစားကြပါ ဆိုရင်းဖြင့်…………………………..။   

ကဲ….လေးခုကြွင်းဖွား   ….ဇာတာရှင်များအတွက် …ဒီလောက်နဲ့ပဲ နိဂုံးချုပ်ကြပါစို့။
အားလုံးပဲ ချမ်းမြေ့ကြပါစေ။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
01 618 469

Viewing all articles
Browse latest Browse all 50

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း